Blogger Widgets

Monday, April 22, 2013

လိပ်ခေါင်းရောဂါအတွက်


ကျော်ကျော်
အတွင်လိပ်ရှိတယ်။အစပ်စားရင် သွေးတွေအများကြီးဆင်းတယ်။ အစပ်အပါအ၀င် အစားအသောက် ရှောင်ရလို့ စိတ်ပျက်မိတယ်။ ဆေးနည်းကောင်းလေး ရှိရင်ပေးပါခင်ဗျာ။


ကိုကျော်ကျော်ရေ ဖြေလိုက်ပါတယ်.........

ဆေးနည်းမှာ.......
ဂွေးပင် ပင်စည်၏ အခေါက်အား ရေနွေးကြမ်းပန်းကန်လုံးတစ်လုံးစာမျှ ထောင်းလို့ ရနိုင်မည့် အရွယ်အ အစား လောက်ခွာပါ။ ထိုအခေါက်အား အပေါ်ယံချေး(ဂျီး)များ ပြောင်စင်သွားရုံလောက် ဓါးဖြင့် ခပ်ပါးပါး ခြစ်ပစ် လိုက်ပြီး ငရုပ်ဆုံတွင် ညက်နေအောင် ထောင်းပါ။

ပြီးလျှင် ငါးရံ့တစ်ကောင်(တစ်ခါ ဝဝ စားနိုင်ရုံ) အား ပြုတ် ပြီး အသားထွင်ပါ။ အဆိုပါ ငါးရံ့အသားနှင့် ဂွေးခေါက် ထောင်းအား အပူ အစပ်ဓါတ်များ လုံးဝ မထည့်ဘဲ စားကောင်းအောင် ကြော်လှော်ချက်ပါ။ ထို့နောက် ၎င်းဟင်းလျားအား ထမင်းနှင့် တဝကြီး အားရပါးရ စားပစ်လိုက်ပါ။


(ဤဆေးနည်းအား စေတနာအပြည့်ဖြင့် ပြောပြပေးခဲ့သော ခရမ်းမြို့ (၁၂)ရပ်ကွက်၊ စမ်းရွာပိုင်းမှ အဘ ဦးစိန်အေးအား ကျေးဇူး အထူးတင်ရှိပါသည်။ နေလင်းထွန်း......(ဒဂုံ) )

credit to ": ko min min Zaw

သွား

soe သွားဖုံးရေစီးကမ်ပြိုရင် ဆေးမီတိုရှိလာ
ဟုတ်ကဲ့ ဖြေလိုက်ပါပြီးခင်ဗျာ...
ီ
ဆေးနည်းမှာ...........
သွားနာ၊သွားကိုက်၊သွားဖုံးရောင်၊သွားပိုးစား၊ရေစီးကမ်းပြိုနာများအတွက် ကန့်ပလူ၊ငရုတ်ကောင်း၊ ကျောက်ချဉ်၊ ပရုတ်၊ ဇာတိပ္ဖိုလ်၊ လေညှင်း၊ဒုတ္ထာ (၇)မျိုးကို အမှုန့်ကြိတ်၍ သိပ်ပါ။

သွားဖုံးရောင် ဆေးနည်း
ဆားငါးပါး၊ဇဝက်သာတို့ကို ပျားရည်နှင့် လိမ်းပေးပါ။
(ဆားငါးပါး.....သိန္ဓောဆား၊ဆားပုပ်၊ဟင်းချက်ဆား၊ရုက္ခမူပြာဆား၊ဘင်္ဂလိဆား)


သွားရင်းပြည်ယိုဆေးနည်း
လက်ချားမီးဖုတ်ပြာကို လျှာ နှင့် ပွတ်လေ။
တစ်နည်း.. အုန်းသီးနှင့် ထန်လျက်ကို စားလေ။




credit to : ko min min zaw

ကျောက်ကပ်သန်မာ လူကျန်းမာ






ဆောင်းရာသီဝင်လာပြီဆိုမှဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ရှိတဲ့ ဒေသအလိုက် ချမ်းအေးမှုဒဏ်ကို

အနည်းနဲ့ အများ ခံစားကြရမှာ မလွဲမသွေ ဖြစ်ပါတယ်။

  
  အေးချမ်းတဲ့ ရာသီဒဏ်နဲ့ အတူ သက်ရှိတွေရဲ့ ဇီဝဖြစ်စဉ်တွေ ၊ ပြောင်းလဲမှုတွေ  ဟာလည်း
        
  နှေးကွေးလာတတ်တာ ဓမ္မတာသာဖြစ်ပါတယ်။ အထူးသဖြင့် သက်ရှိလူသားတွေ အတွက် 

  အသက်ကြီး ရွယ်အိုတွေနဲ့ အားအင်ချည့်နဲ့ သူတွေက ပိုပြီး အအေးဒဏ်ကို ခံစားရလေ့ ရှိကြပါ
   
   တယ်။


တရုတ်ရိုးရာ တိုင်းရင်းဆေးပညာ အလိုအရ ယင်နဲ့ ယန် ဆိုတဲ့ အပူအအေးဓာတ်တွေ အနက် 

ယန်ဓာတ်ဟာသဘာဝနည်းအရ ကုန်ခမ်းတတ်တာဟာ ဆောင်းရာသီမှာဖြစ်တယ်လို့ ယူဆ

ကြပါတယ်။ ရှေးဟောင်းတရုတ်ရိုးရာ ဆေးပညာလက်စွဲကျမ်းတွေမှာလည်း အေးတဲ့ရာသီမှာ 

ယန်ဓာတ်လျော့နည်းသွားတတ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။
 
   
ယန်ဓာတ်ဟာ သူရိယနေမင်းကြီးလို ကမ္ဘာကို အပူနဲ့ အလင်းရောင်ပေးစွမ်းနိုင်တဲ့ခန္ဓာကိုယ်တွင်းက

ဓာတ်တစ်ခုဖြစ်ပါတယ်။ နေမင်းကြီးမရှိရင် သဘာဝအလင်းရောင် မရှိသလို၊ သဘာဝ အပူဓာတ်

မရနိုင်တဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိတွေ အာလုံး အသက်ရှင်နေနိုင်တော့မှာ မဟုတ်ပါဘူး။ 
 
ဒီလိုပဲ ယန်ဓာတ်မရှိရင်လဲ လူသားတစ်ဦးဟာ အသက်ရှင်ဖို့ ခဲယဉ်းပါတယ်တဲ့။

     
တရုတ်ရိုးရာဆေးပညာအလိုမှာ ယန်ဓာတ်ဟာ ခန္ဓာကိုယ် အတွင်း အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တဲ့

ကျောက်ကပ်က ထုတ်ပေးတာလို့ ဆိုပါတယ်။ ကျောက်ကပ်ဟာ အပူဓာတ် ပေးစွမ်းနိုင်တဲ့

မွေးရာပါ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်လို့ အသက်ရှင်ရေး အတွက် မရှိမဖြစ် လိုအပ်လှပါတယ်။

မျိုးပွားတာဝန်ကို ထမ်းဆောင်ရာမှာလည်း ကျောက်ကပ်က ဦးဆောင်ပေးပြီး အာဟာရဓာတ်

ဖြစ်တဲ့ အဆီအနှစ်တွေစုဝေးရာလည်း ဖြစ်ပါသတဲ့။

             

  လူတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေဟာလည်း ကျောက်ကပ်ကောင်း မကောင်းပေါ်မှာ

  မူတည်နေတယ်လို့ သိရပါတယ်။ ကျောက်ကပ်တွေ အလုပ်ကောင်းကောင်း လုပ်ရင် လူလည်း
          
   ကျန်းမာမယ် အလုပ်ကောင်းကောင်း မလုပ်ရင် လူလည်း ချူချာလာ ပါရောတဲ့။



အေးချမ်းလှတဲ့ရာသီမှာ အအေးဒဏ်ခံနိုင်ဖို့ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ စွမ်းရည်နဲ့ ကယ်လိုရီဓာတ်တွေ 

ပြည့်ဝဖို့လိုပါတယ်။ ကယ်လိုရီ ဓာတ်အလုံအလောက် မရှိရင် အချမ်းဒဏ်ကို မခုခံနိုင်တော့ပါဘူး။

လူတစ်ယောက်ဟာ သူရဲ့ ကျောက်ကပ်တွေ ကောင်းကောင်းအလုပ်မလုပ်နိုင်ရင်ယန်ဓာတ်

နည်းပါးပြီးမူးဝေခြင်း၊ရင်တုန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ခါးနာခြင်း၊ဆီးသွားရတာ မဝခြင်း 

စတဲ့ရောဂါ လက္ခဏာတွေ ခံစားရတတ်ပါတယ်။


ဒါကြောင့် ကျောက်ကပ်သန်မာအောင် ကျန်းမာရေး လေ့ကျင်ခန်းတွေ လုပ်ပေးဖို့ လိုလာပါတယ်။

ကျောက်ကပ်သန်မာအောင် လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်း တခြားရောဂါတွေ

မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ တရုတ်ရိုးရာတိုင်းရင်းဆေးမှာ ကျောက်ကပ် 

သန်မာအောင်လုပ်တဲ့ နည်းတွေ အမျိုးမျိုးရှိပါတယ်။ ဆောင်းရာသီမှာ နေ့တာတိုပြီး ည

တာရှည်လေ့ရှိတာ သတိထားမိကြပါလိမ့်မယ်။


ဒါကြောင့် ညဘက် စောစောအိပ်ပြီး နံနက်ကို နောက်ကျပြီးမှ အိပ်ရာက ထပါ။အိပ်ရာက 

နိုးတာနဲ့ နေရောင်ခြည်ကို ရယူပြီး နေရောင်အောက်မှာ နေပူစာ လှုံပေးပါ။


ကယ်လိုရီဓာတ်များများပါတဲ့ အစားအစာတွေ များများစားပေးပါ။ အင်္ကျီအဝတ်အစားတွေကို 

ကျပ်ကျပ်မဝတ်ဘဲ ပွရောင်းပြီးထူထဲတဲ့ အဝတ်အစားတွေ ဝတ်ဆင်သင့်ကြောင်းလည်း 

အကြံပေးထားပါတယ်။ အသက်ကြီးသူ၊ အားနည်းသူတွေအတွက်ကျောက်ကပ်ကို

အားအင်ပြည့်ဖြိုးစေနိုင်တဲ့ အစားအစာတွေ စားပေးရပါတယ်။


အဲဒါတွေကတော့ ဆိတ်သားပြုတ်ကြော်၊ သိုးသားကင်၊ ကြက်စွပ်ပြုတ်ရည်၊ ဘဲသားတို့ပါပဲ။

ဆောင်ရာသီမှာ ကျောက်ကပ်သန်မာအောင် လေ့ကျင့်နည်းတွေ ကတော့အောက်ပါ အတိုင်းပါပဲ။


(၁)လေ့ကျင့်ခန်း

   
ခြေနှစ်ချောင်းကို တစ်ထွာခန့် ခွာလျက် မတ်တတ်ရပ်ပါ။လက်နှစ်ဘက်ကို ဆန့်လျက် 

ဖြည်းဖြည်းချင်း အပေါ်သို့ မြှောက်ပါ။ခေါင်းပေါ်ရောက်တဲ့ အခါပြန်ပြီး မူလနေရာကို 

ဖြည်းညင်းစွာ ချထားပါ။ လေးကြိမ်ပြုလုပ်ပါ။တစ်နေ့လျှင် လေးကျော့လေ့ကျင့်ပေးပါ။    


သတိပြုရန်မှာ

လေ့ကျင့်ခန်း(၁)ကို မပြုလုပ်မီ အကြောများ ဖြေလျှော့လျက် သက်သက်သာသာနေပါ။ 

လက်နှစ်ဖက်ဆန့်လျက် ခေါင်းပေါ်ရောက်အောင်မြှောက်သည်အခါ အသက်ကို ရှူသွင်းပါ။

ပြန်ချသည့်အခါ အသက်ကို ရှူထုတ်ပါ။ လေ့ကျင့်ခန်းကို ဖြည်းဖြည်းနှင့် ညင်သာစွာပြုလုပ်ပါ။


အကြောအဆစ်များ ဖြေလျှော့လျက်၊ သွေးလှည့်ပတ်မှုကို လှုံ့ဆော်ပေးသဖြင့် 

ခန္ဓာကိုယ်လိုအပ်သော အားအင်နှင့် ကျောက်ကပ်သန်မာမှုကို ပေးပါသည်။

မောပန်မှု ကိုလည်း ပြေပျောက်စေပါသည်။

(၂)လေ့ကျင့်ခန်း


ခြေနှစ်ချောင်းချလျက် မတ်မတ်ထိုင်ပါ။ ဘယ်ပေါင်ပေါ် ဘယ်လက်၊ ညာပေါင်ပေါ် 

ညာလက်တင်ထားပါ။ ဘယ်လက်ကို တံတောင်ဆစ်ကွေးလျက်လေထဲထွင်

ပစ္စည်းတစ်ခုခုကို မြှောက်လိုက် ချလိုက် လုပ်သကဲ့သို့ လက်ကို လက်ဖဝါးအထက်သို့ လှန်လျက် 

အထက် အောက်လှုပ်ရှားပါ။ပြီးလျှင် ညာလက်ကို ဘယ်လက်အတိုင်း လှုပ်ရှားပါ။

လေ့ကျင့်ခန်းကို တစ်နေ့လျှင် လေးကြိမ်ပြုလုပ်ပါ။

သတိပြုရန်

လေထဲတွင် လက်ကို လှုပ်ရှားနေစဉ် အသက်ကို ရှူသွင်းလျက် လက်ကို ပေါင်ပေါ်သို့ 

ပြန်ချထားသည့် အခါတွင်မှ အသက်ကို ရှူထုတ်ပါ။


(၃)လေ့ကျင့်ခန်း


လေ့ကျင့်ခန်း(၂)မှာ ကဲ့သို့ ခြေနှစ်ချောင်း တွဲလောင်းချထိုင်ပါ။ပြီးလျှင် ကိုယ်ကို

တည့်မတ်ထားလျက် ခါးမှ ဘယ်ဘက်တစ်ကြိမ်၊ညာဘက် တစ်ကြိမ် လေးကြိမ်စီ လှည့်ပေးပါ။


ပြီးလျှင် ခြေထောက်ကို ဘယ်ညာလွှဲပေးပါ။မိမိနိုင်သလောက် လေ့ကျင့်မှုအကြိမ်ကို 

ပြုလုပ်လေ့ကျင့်ပါ။

သတိပြုရန်

ကိုယ်ကို ဘယ်ညာလှည့်ရာတွင် အကြောများ ဖြေလျော့ထားလျက် ဖြည်းညင်းစွာ လှည့်ပေးပါ။ 

ကိုယ်ကို ဘယ်ညာလှည့်ပေးခြင်းသည်ကျောက်ကပ်ကို သန်မာစေရုံသာမကကျောဘက်ရှိ

ကြွက်သားများကိုပါ အထောက်အကူဖြစ်စေပါသည်။

(၄)လေ့ကျင့်ခန်း

မတ်မတ်ထိုင်လျက် လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာသည်အထိ ပွတ်ပေးပါ။ ပြီးလျှင် ကျောဘတ်သို့ 

လက်ဖဝါးဖြင့် အထက်အောက် ပွတ်ပေးပါ။ကျောတစ်လျှောက် ပူနွေးမှု ခံစားရသကဲ့သို့

ကျောက်ကပ်ကိုပါ အပူဓာတ်ရစေပါသည်။ထိုအပြင် ကျောပြင်ရှိ ကြွက်သားများသန်မာစေပြီး

သွေးလှည့်ပတ်မှုကိုပါ ကောင်းစေပါသည်။ ကြွက်သားနှင့် အဆစ်များလည်း ပြေလျော့စေပါသည်။


(၅)လေ့ကျင့်ခန်း


ပေါင်နှစ်ခုကို ပူးကပ်ထားပြီး မတ်တပ်ရပ်ပါ။ ခြေမျက်စိချင်းထိနေပါစေ။ လက်ကောက်ဝတ်ချင်း 

ယှက်လျက် ရင်ဘတ်ရှေ့တွင် ထားပြီး လက်များကို ခေါင်းကျော်သည်ထိ မြှောက်တင်ပါ။ ပြီးလျှင် 

ခါးမှ ကွေးလျက် လက်ဖျားနှင့် မြေကြီးထိအောင်ရှေ့သို့ ကုန်းချပါ။ပြီးလျှင်ဒူးကို လက်နှင့် 

ပိုက်လျက် ဆောင့်ကြောင့် ထိုင်လိုက်ပါ။ လေ့ကျင့်ခန်းကို ၁၀ကြိမ်ပြုလုပ်ပါ။


ဖော်ပြပါ လေ့ကျင့်ခန်းများသည် ကျောက်ကပ်များ သန်မာစေရုံသာမက ခန္ဓာကိုယ်အတွက် 

လိုအပ်သော စွမ်းရည်များ တိုးတက် စေပါသည်။ သွေးလှည့်ပတ်မှုကို ကောင်းစေသည့်

အတွက် ဆောင်းရာသီကဲ့သို့ အေးချမ်းသည့် အချိန်တွင် နွေးထွေးမှုကို ပေးပါသည်။

ထို့အပြင် ကျောက်ကပ် ၊ ဆီးအိမ်များနှင့် ပတ်သက်သော ရောဂါများဖြစ်သည့် ခါးနာခြင်း ၊ 

ဒူးရောင်ခြင်း၊ ပန်းသေခြင်း၊ အမျိုးသမီးများ မီးယပ်အဖြူဆင်းခြင်း၊ မူးဝေခြင်း 

အစရှိသည့် ဝေဒနာများကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရပါသည်။

ဒေါက်တာအောင်နိုင်
(ဆေးသုတေသန)


ကျောက်ကပ်ရောဂါအတွက်  ကုနည်း


သလင်းကျောက်လေးနဲ့ ကျောက်ကပ်နေရာကို ကပ်လိုက် ခွာလိုက် လုပ်ပေးပါ။ 

သလင်းကျောက်နဲ့ ရောဂါနေရာကို တစ်မိနစ်တိတိ ထိပေးပါ။ တစ်မိနစ်ပြည့်လျှင် ခွာလိုက် 

၊နောက်ပြန်ကပ်လိုက်ပြုလုပ်ပေးပါ။ ဒီနည်းသည် ရောဂါဝေဒနာ သက်သာလာသည့် ကို

တွေ့ရပါမည်။


(သလင်းကျောက်ဟာ မြေထွက်ကျောက်မျိုးတွင် အခြားရောင်ခြည်ရောင်စဉ်ကို

ဘေးဖြာထုတ်ပေးပါတယ်။တစ်ခြား မြေထွက်ကျောက်မျိုးတွေဟာ သူတို့ရောင်ခြည် 

အတွင်းဝေ့ဝင်ပါတယ်။ရောင်စဉ်တိုင်းကိရိယာနဲ့ ကြည့်ရင် ထင်းရှားစွာတွေ့နိုင်ပါသည်။)
  

သလင်းကျောက်ကို ဂျပန်တွေဟာ ဒါကြောင့် လည်ဆွဲ အဖြစ် ဝတ်ဆင်ကြပါတယ်။
   
        ဆရာသာဂဒိုး
(စူလာနဖာနှင့် ဆေးနည်း ဆေးပင်များ၂)



ကျန်းမာကြပါစေ………………..သိန်းဇော်


ဆီးချို နှင့် နှလုံးရောဂါ



ဆီးချို နှင့် နှလုံးရောဂါ ကာကွယ်လိုသူများအတွက် အစွမ်းလည်းထက် အရသာလည်းရှိသော ဓာတ်စာတစ်ခု
[By Zayar Myatkhaing]

Almond ဟုခေါ်သော အခွံမာသီး အဆန်များ ပုံမှန် စားသုံးပေးခြင်းသည် ဆီးချိုရောဂါ နှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို သိသာစွာ လျှော့ချနိုင်ကြောင်း အမေရိကန် သုတေသီများ၏ နောက်ဆုံး သုတေသနရလဒ် တစ်ခုအရ တွေ့ရှိ အတည်ပြုနိုင်ခဲ့သည်။ Al...mond ခေါ် အခွံမာသီး အဆန်များဆိုသည်မှာ ချောကလက်များတွင် ပါရှိတတ်သော ဆိမ့်သည့် အရသာ ရှိသော အဆန်များ ဖြစ်သည်။

ရက်သတ္တ ၁၆ ပတ်ကျော် ကြာမြင့်ခဲ့သော အဆိုပါ သုတေသနတွင် ပါဝင် အစမ်းသပ်ခံသူများသည် တစ်နေ့တာ အစားအသောက်အားလုံး၏ ၂၀% အဖြစ် အခွံမာသီး အဆန်များအား စားသုံးခဲ့ကြသည်။ ၄င်းတို့၏ သွေးတွင်းရှိ LDL-cholesterol ခေါ် မကောင်းသော ကိုလက်စထရော အဆီဓာတ်များ သိသာစွာ ကျဆင်းသွားပြီး ဆီးချို ဖြစ်စေမှုကို ကာကွယ်ပေးသော အင်ဆူလင် ဟော်မုန်း၏ စွမ်းရည် (insulin sensitivity) ကိုပါ အထူးကောင်းမွန်စေကြောင်း သိပ္ပံနည်းကျ စမ်းသပ် အတည်ပြု နိုင်ခဲ့သည်။ ထိုသို့သော အရည်အသွေး အာနိသင်များကြောင့် အခွံမာသီး အဆန်များ ပုံမှန် စားသုံးပေးခြင်းသည် ဆီးချိုရောဂါ နှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ရာ ရောက်စေသည်ဟု အမေရိကန် ကျန်းမာရေး ပညာရှင်များက ပြောပြခဲ့သည်။



ယခုတွေ့ရှိချက် ရလဒ်နှင့် ပတ်သက်၍ နာမည်ကျော် အမေရိကန် ကျန်းမာရေး မီဒီယာတစ်ခုဖြစ်သော Hive Health Media မှ "ယနေ့ခေတ်တွင် အမေရိကန် နိုင်ငံသားများထဲမှ ၁၆ သန်းသည် ဆီးချိုရောဂါ ၀င်တော့မည့် အနေအထား ရှိနေပေရာ Almond အဆန်များကို ပုံမှန် အစားအသောက်ထဲတွင် နေ့စဉ် ထည့်စားပေးခြင်းဖြင့် ဤအနေအထားကို တားဆီးကာကွယ်နိုင်မည်ဟု မျှော်လင့်ပါသည်" ဟု ၄င်းတို့၏ ၀က်ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။
Written by : ဒေါက်တာသီဟသစ်

SIM Card အကြောင်း သိကောင်းစရာ




SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေလိုမျိုး စက်ပစ္စည်းတွေမှာ Subscriber တွေအသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင်စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို လုံခြုံစွာထိန်းသိမ်းထားနိုင်တဲ့ Integrated Circuit တစ်ခုပဲဖြစ်ပါတယ်။ Subscriber Identity Module ( Subscriber Identification Module) ရဲ့အတိုကောက်ပါ။
လွယ်လွယ်ကူကူသယ်ဆောင်နိုင်တဲ့ memory chip အမျိုးအစား ဖြစ်ပြီး GSM (Global System for Mobile Communications) network မှာသုံးတဲ့ cell phone တွေမှာ အသုံးများပါတယ်။
SIM Card တွေကို H1, H2, H3,H4 ဆိုပြီးအမျိုးအစားလေးမျိုးခွဲခြားထား ပါတယ်။
H1= Normal Network
H2= Better Network , Means Strong
H3= More Better Network , Means Stronger
H4= Normal, Better, More Better Is Nothing In Front OF This Sim
များသောအားဖြင့်တော့ H4 SIM တွေကို အဖွဲ့အစည်းတွေနဲ့ စစ်ဘက်မှ အရေးကြီး ပုဂ္ဂိုလ်တွေအတွက် ထုတ်လုပ်လေ့ရှိပါတယ်။ မိုဘိုင်းကုမ္ပဏီတွေဟာ User တိုင်းအတွက် H4 SIM တွေ ထုတ်ပေးလေ့ မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဒီ Card တွေက bandwidth ပိုစားလို့ ဖြစ်ပါတယ်။ ကိုယ် ဘယ် SIM card အမျိုးအစားကို အသုံးပြုနေသလဲ သိချင်ရင် SIM card ရဲ့ ကျောဘက်မှာပါတဲ့ Sim No. နဲ့ Sim Type ကိုကြည့်ပြီး သိနိုင်ပါတယ်။
SIM card အရွယ်အစားအမျိုးမျိုးရှိပြီး ဖုန်းအများစုကတော့ mini-SIM ဒါမှမဟုတ် micro-SIM card တွေကို အသုံးပြုပါတယ်။ mini-SIM ရဲ့အရွယ်အစားက 25mm x 15 mm ရှိပြီး micro-SIM ကတော့ 15 mm x 12 mm ရှိပါတယ်။ card အရွယ်အစားအားလုံးဟာ 0.76 mm အထူရှိပါတယ်။ ဘယ်အရွယ်အစား Sim card မျိုးမဆို သူ့မှာပါဝင်တဲ့ microchip က အရွယ်အစားနဲ့လုပ်ဆောင်ပုံ အတူတူပဲဖြစ်တဲ့အတွက် အရွယ်အစားသေးတဲ့ card တွေကိုလည်း (အံဝင်ဂွင်ကျသာတပ်ဆင်ရင်) card အကြီးသုံးတဲ့ ဖုန်းတွေမှာပါ သုံးစွဲနိုင်ပါတယ်။
SIM card တွေမှာ User ရဲ့အချက်အလက်တွေနဲ့ call log တွေ ဖုန်းအ၀င်အထွက်မှတ်တမ်းတွေကို တခြားသူတွေ မသိရှိနိုင်စေမယ့် လုံခြုံရေးအစီအမံတစ်ရပ်လည်းပါဝင်ပါတယ်။ SIM card ကို lock ချထားနိုင်ပြီး PIN လို့ ခေါ်တဲ့ Personal Identification Number ကို သိရှိသူမှသာ SIM card ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ SIM card ကိုသာ Lock လုပ်ထားမယ်ဆိုရင် ကိုယ့်ဖုန်းအခိုးခံရရင်တောင် PIN ကို မသိဘဲ SIM card ကို အသုံးပြုနိုင်မှာ မဟုတ်သလို (SIM card ထဲမှာရှိတဲ့) ကိုယ့်အချက်အလက်တွေကိုလည်း ရယူနိုင်မှာမဟုတ်ပါဘူး။

Tech & Security NewsRef: google+

ခုနှစ်ရက်အတွင်း ဆယ်ပေါင် နှင့်အထက် အဆီချ Diet Program


အဆီကျဟင်းရည် ချက်နည်း

ကြက်သွန်နီဥကြီး 6 လုံး
ငရုတ်သီးပွ (အစိမ်း) 2 ခု
ခရမ်းချဉ်သီး 6 လုံး
တ၇ုတ် နံနံပင်
ဂေါ်ဖီထုပ် 1 လုံး
Lapton Omon Soup Mix တစ်ထုပ် (လိုအပ်လျှင် စွပ်ပြုတ်အခဲ (၁-၂) ခဲ)
အရသာရှိစေရန် ဆား၊ ငရုတ်ကောင်း၊ မဆလာ၊ အမွှေးအကြိုင် လိုအပ်သလိုထည့်ပါ။ (တုန်ယမ်း ချဉ်စပ် အနှစ်နဲ့ တွဲဖက်ချက်လျှင်လည်းရပါသည်… ကျွန်တော်ကတော့ တုန်ယမ်းနှင့်တွဲချက်ပါသည်…. အနံအသက် အတော်သက်သာသည်ကို တွေ့ရပါသည်..)

အသီးအရွက်များကို အရွယ်တော် အတုံးများဖြစ်အောင်ဖြတ်ပါ။ ရေဖုံးအောင်ထည့်ပါ။ သစ်သီး၊ ဟင်းသီးဟင်းရွက်မှ ရသောအရည်များကို ထည့်ခြင်းဖြင့်လည်း အနံ့နှင့် အရသာကို ပိုမိုကောင်းမွန်စေပါသည်။
ပွက်ပွက်ဆူ အနေအထားမှာ ၁၀ မိနစ်ခန့် ထားပါ။ ထို့နောက် မီးလျှော့ပြီး ဟင်းသီးဟင်းရွက် များကို နူးနပ်သည်အထိ ချက်ပါ။

အထက်ပါအဆီကျဟင်းရည်ကို အချိန်မရွေး၊ စားချင်သလောက် စားသုံးနိုင်ပါသည်။ ဤဟင်းရည်ကို စားသုံးခြင်းဖြင့် ကယ်လိုရီများမတိုးလာနိုင်ပါ။ များများစားလေ အလေးချိန်ပိုလျော့နိုင်လေဖြစ်ပါသည်။ အလွန်ကြာရှည်စွာစားသုံးလျှင်မူ အာဟာရချို့တဲ့ခြင်းဖြစ်လာနိုင်ပါသည်။ နေ့လည်ပိုင်းများတွင် အပြင်သွားနေရမည် ဆိုပါက ထမင်းချိုင့်ထဲထည့်၍ သယ်ယူသုံးဆောင်နိုင်ပါသည်။

(၇) ရက်စားသုံးနည်းအစီအစဉ်ကို သင်အဆင်ပြေသလို စားသုံးနိုင်ပါသည်။ အညွှန်းအတိုင်း တိကျစွာလိုက်နာပါက သင့်ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ သန့်စင်သွားပါ လိမ့်မည်။ ပေါ့ပါး ကျန်းမာခြင်း ကိုလည်း ခံစားရပါလိမ့်မည်။

ဤအစီအစဉ်ကို ရက်အနည်းငယ်အတွင်းမှပါပင် ပေါ့ပါးလာသည်ကို တွေ့ရမည်ဖြစ်ပြီး ခွန်အားများလည်း ရှိလာမည်ဖြစ်သည်။ ဤအစီအစဉ်ကို သင်စားနိုင်သလောက်အချိန်အထိ ကြာရှည်စွာစားသုံးနိုင်ပါသည်။ ဤစားသုံးနည်းသည် အဆီများကို လျှင်မြန်စွာ ချေဖျက်နိုင်သည့်နည်း ဖြစ်ပြီး အဓိကလျှို့ဝှက်ချက်မှာ ကယ်လိုရီများကို သင်စားသုံးနိုင်သည့်ပမာဏထက်ပို၍ ချေဖျက်နိုင်ခြင်းဖြစ်ပါသည်။
ဤစားသုံးနည်းကို စားသုံးနေချိန်အတွင်း ကိုယ်ခန္ဓာအတွင်းရှိအဆီများကို ဖယ်ရှားနေသည့် ကာလဖြစ်သောကြောင့် အရက်၊ ယမကာသောက်ခြင်း မသင့်လျော်ပါ။ ဤဟင်းရည်စားသုံးခြင်းကို အနည်းဆုံး ၂၄ နာရီခွာ၍ ရပ်ပြီးမှ အရက် သုံးဆောင်သင့်ပါသည်။
လူတစ်ဦးစီ၏ အစာချေဖျက်စနစ်မတူညီသောကြောင့် ဤစားသုံးနည်း၏ လူတစ်ဦးစီပေါ် သက်ရောက်မှုမှာလည်း ကွဲပြားနိုင်ပါသည်။ ဤစားသုံးနည်းကိုစတင်ပြီး ရက်အနည်းငယ်အတွင်း သင်၏၀မ်းဗိုက်လှုပ်ရှားမှုအခြေအနေ ပြောင်းလဲခဲ့ပါက bran နှင့် fibre ကိုတစ်ခွက်စာစားသုံးနိုင်ပါသည်။ ဤ (၇) ရက်အတွင်း ဘလက်ကော်ဖီ သုံးဆောင်နိုင်သော်လည်း ကော်ဖီမှ ကဖိန်းဓာတ်ကို မလိုအပ်တော့ကြောင်း (၃) ရက်အကြာတွင်တွေ့ရလိမ့်မည်။

အထူးရှောင်ကြဉ်ရန်

ပေါင်မုန့်၊ အရက်နှင့် ဂက်စ်ပါသော အချိုရည်များကို ရှောင်ရပါမည်။ ရေ၊ အချိုမပါသော လက်ဖက်ရည်၊ ဘလက်ကော်ဖီ၊ အချိုမပါသော အသီးဖျော်ရည်များနှင့် အဆီဖယ်ထုတ်ထားသော နွားနို့တို့ကို သုံးဆောင်နိုင်ပါသည်။ အရေခွံမပါသော ကြက်သားပြုတ် (သို့) ကြက်သားကင်ကို အမဲသားအစား သုံးဆောင်နိုင်ပါသည်။ သင်ပိုမိုနှစ်သက်မည်ဆိုပါက အမဲသားစားရမည့်တစ်ရက်ကို ငါးပြုတ်နှင့် အစားထိုးနိုင်ပါသည်။ နောက်တစ်ရက်မှာတော့ အမဲသားမှာပါတဲ့ ပရိုတင်းဓာတ်ကို သင်လိုပါလိမ့်မည်။
ဤအဆီကျဟင်းရည်ကို ဆာလောင်သည့် အချိန်တိုင်း၊ ကြိုက်သလောက် ထပ်ကာထပ်ကာ စားသုံးနိုင်ပါသည်။ ဤဟင်းရည်ကို စားသုံးခြင်းဖြင့် ကယ်လိုရီမတိုးလာနိုင်ပါ။ များများစားလေ များများ အလေးချိန် ပိုလျော့လေဖြစ်ပါသည်။
မည်သည့်ဆေးဝါးမဆို ဤစားသုံးနည်းအစီအစဉ်ဖြင့် အန္တရာယ်မဖြစ်လာနိုင်ပါ။ သင်လိုသလောက်အချိန် ကာလအထိ ဤအစီအစဉ်ကို အသုံးပြုနိုင်ပါသည်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို သင်ကိုယ်တွေ့ခံစားကြည့်ပါ။

Satred Heart Hospital မှ ခွဲစိတ်ကုသမှုမခံယူမီ ကိုယ်အလေးချိန်လျင်မြန်စွာကျဆင်းရန် လိုအပ်သော အ၀လွန်လူနာများအတွက် အသုံးပြုသည်။

ပထမနေ့

သစ်သီးများအားလုံး (ငှက်ပျောသီးမှအပ)၊ ပထမနေ့တွင်ငှက်ပျောသီးမှ အပ၊ အခြားသစ်သီးများအားလုံးကို စားသုံးနိုင်ပါသည်။ သခွားမွှေးသီးနှင့် ဖရဲသီးများမှာ အခြားသစ်သီးများထက် ကယ်လိုရီပါဝင်မှု လျော့နည်းပါသည်။ ပထမနေ့တွင်အဆီကျဟင်းရည်နှင့် သစ်သီးများကိုသာ စားသုံးခွင့်ရှိပါသည်။ အချိုမပါသော လက်ဖက်ရည်၊ cranberry juice နှင့်ရေကို သောက်သုံးနိုင်ပါသည်။ (ကျွန်တော့ တုန်းက တော့ .. ဖရဲသီး နှင့် အဲဒီဟင်းရည်နှစ်မျိုးတည်းကို ပဲ သောက်ပါတယ်.. ပထမနေ့မှာ အတော်ခံရခက်ပါလိမ့်မယ်… စိတ်လည်း တိုတတ်ပါတယ်… )

ဒုတိယနေ့

ဟင်းသီးဟင်းရွက်များအားလုံး၊ အစိမ်းဖြစ်စေ၊ ကျက်ပြီးသားဖြစ်စေ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်များကို ဗိုက်ပြည့်သည်အထိ စားသုံးနိုင်ပါသည်။ အစိမ်းရောင်ရှိ၊ အရွက်ပါသော ဟင်းရွက်များကို ပို၍စားသုံးသင့်ပါသည်။ ပဲအမျိုးမျိုးနှင့် ပြောင်းဖူးများကိုတော့ ရှောင်ကြဉ်သင့်ပါသည်။ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်နှင့် အဆီကျဟင်းရည်ကိုတွဲဖက်၍ ညစာအတွက်သုံးဆောင်ပါ။ ကင်ထားတဲ့ အာလူးကြီးတစ်လုံးကို ထောပတ်နှင့်ရောပြီး တစ်ခါစားသုံးခွင့်ရှိပါသည်။ ဒုတိယနေ့မှာ အဆီကျဟင်းရည်ကို ကြိုက်သလောက်စားသုံးခွင့်ရှိပါသည်။ သစ်သီးစားခွင့်တော့မရှိပါ။ (ကန်စွန်းရွက် ဂေါ်ဖီထုတ် စတာတွေကို နည်းမျိုးစုံနဲ့ ကြော်စားခဲ့ပါတယ်… ဆီကို ပါလေ့ရုံ အနံ့ကလေး လောက်ထည့်ပြီးရေနဲ့ ကြော်ပါ…… အဆင်ပြေပါလိမ့်မယ်. …. သူတို့ ကတော့ ဘိုစာဆိုတော့ အာလူးကင်ပေါ့လေ… ကျွန်တော်ကတော့ နီးနီးနားနား အဆင်ပြေတဲ့ ကိုရီးယားထမင်းလိပ်တစ်ပွဲ ၀ယ်စားလိုက်ပါတယ်.. အဓိက ကစိဓာတ်ပါတာချင်းတူတူပဲလေ… . )

တတိယနေ့

ပထမနေ့နှင့် ဒုတိယနေ့ကို ရောပြီးစားပါ။ သင်ကြိုက်သလောက် အဆီကျဟင်းရည်၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးခွင့်ရှိပါသည်။ အာလူးပြုတ်ကိုတော့ စားခွင့်မရှိပါ။

စတုတ္ထနေ့

ငှက်ပျောသီးနှင့် အဆီထုတ်ထားသော နွားနို့၊ အဆီကျဟင်းရည်နှင့် တွဲဖက်စားသုံးတဲ့အခါမှာ ငှက်ပျောသီးကို (၈) လုံးအထိ စားခွင့်ရှိပြီး အဆီထုတ်ထားတဲ့နွားနို့ကိုတော့ ကြိုက်သလောက် သောက်ခွင့်ရှိပါ သည်။ ငှက်ပျောသီးနှင့် နွားနို့မှာ ကယ်လိုရီနှင့် ကာဗိုဟိုက်ဒြိတ် အများအပြားပါဝင်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ အချိုကိုတောင့်တစိတ်တွေ လျော့ကျသွားစေဖို့ အတွက် ပိုတက်ဆီယမ်၊ ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်းနှင့် ကယ်(လ)စီယမ်တို့ကို သင့်ခန္ဓာကိုယ်က လိုအပ်ပါသည်။
(အဆီထုတ်ထားတဲ့ နွားနို့ ရှာမတွေ့နိုင်ခဲ့တာကြောင့် …. ငှက်ပျော်သီး ရှစ်လုံးကို မနက်စာအဖြစ် စားပြီး .. နေ့လည် နဲ့ ညနေကို အရွက်ကြော်ပဲစားခဲ့ပါတယ်… သူမှာတဲ့အတိုင်းတော့ မစားဖြစ်ခဲ့ပါဘူး)

ပဉ္စမနေ့

အမဲသားနှင့်ခရမ်းချဉ်သီး။ ၁၀-၂၀ အောင်စရှိတဲ့ အမဲသားကို လတ်ဆတ်တဲ့ ခရမ်းချဉ်သီး (၆)လုံး လောက်အထိတွဲပြီးစားသုံးနိုင်ပါသည်။ ခန္ဓာကိုယ်မှာရှိတဲ့ urine acid ကိုဆေးချဖို့အတွက် အနည်းဆုံးရေ (၈) ခွက် သောက်ပေးပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခါလောက်တော့ စားသုံးဖို့လိုပါတယ်။
(ကြက်သားကို ပြုတ်လိုက်ပြီး …. ခရမ်းချဉ်သီးနဲ့ တွဲစားပါတယ်…. ညနေဗိုက်ဆာတော့လည်း ခရမ်းချဉ်သီးပဲစားပါတယ်…… )

ဆဌမနေ့

အမဲသားနှင့် ဟင်းသီးဟင်းရွက်များ။ ဒီနေ့အတွက်တော့ သင်ဆန္ဒရှိသလောက် အမဲသားနှင့် ဟင်းသီးဟင်းရွက်တွေ ရောပြီးစားသုံးနိုင်ပါတယ်။ အရွယ်တော်အသားတုံး (၆)တုံး လောက်အထိကို အရွက်ပါတဲ့ ဟင်းရွက်နှင့်တွဲပြီး စားသုံးနိုင်ပါတယ်။ အာလူးကင်ကိုတော့ စားခွင့်မရှိပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခေါက်လောက်တော့ သောက်ဖြစ်အောင်ဂရုစိုက်ပြီး သောက်ပါ။
(ပျော်စရာကောင်းတဲ့နေ့ပါပဲ … ကြက်ကင် တစ်ခြမ်းဝယ်လိုက်ပြီး မနက်ညကို အရွက် တစ်မျိုးမျိုးနဲ့ တွဲကြော်ပြီး စားလိုက်တယ်…. ညနေဗိုက်ဆာတော့ ခရမ်းချဉ်သီးပဲစားပါတယ်…)

သတ္တမနေ့

ဆန်လုံးညို၊ အချိုမပါသော သစ်သီးရည်များနှင့် ဟင်းသီးဟင်းရွက်များ။ ဒီ (၃) မျိုးကိုလည်း ကြိုက်သလောက် စားနိုင်ခွင့်ရှိပါတယ်။ အဆီကျဟင်းရည်ကို လည်း မမေ့မလျော့ အနည်းဆုံးတစ်ခေါက်လောက် သုံးဆောင်ပေးပါ။

(သစ်သီးရည်က ရှာရခက်တာကြောင့် …. သစ်သီးနဲ့ အရွက်ကြော်ကို တတိယနေ့ ကစားသလိုပဲစားခဲ့ပါတယ်..)

(၇) ရက် ပြည့်ပြီး၊ သင့်ဘက်ကလည်း အညွှန်းအတိုင်း အတိအကျ လိုက်နာခဲ့တယ်ဆိုရင် (၁၀) ပေါင်ကနေ (၁၇) ပေါင် အထိ အလေးချိန်လျော့ကျပြီး ဖြစ်နေပါလိမ့်မယ်။ အကယ်၍ (၁၇) ပေါင်ထက်ပိုပြီး ကျသွားခဲ့တယ်ဆိုရင်တော့ ဒီစားသုံးနည်းကို နောက်တစ်ခါ ပထမနေ့ကပြန်မစခင် အနည်းဆုံး (၂) ရက် ရပ်ထားလိုက်ပါ

(တစ်ပါတ်ပြည့်တဲ့ အခါ ကိုးပေါင်တိတိကျပါတယ်…. ဒါက ဒီကြားထဲမှာ ကျွန်တော် တို့ ဟူးကြော်နည်းနည်းစားလိုက်တာ ပါလိမ့်မယ်ထင်ပါတယ်… နောက်မုန့်ဟင်းခါး တစ်ပွဲလည်း စားမိပါတယ်.. ကဲ ချစ်လှစွာသော သူငယ်ချင်းမိတ်ဆွေပရိသတ်များ လည်း တစ်ပါတ်လောက်စမ်းကြည့်စေချင်ပါတယ်…. အဆင်ပြေမှာပါ…. အစပိုင်းမှာ အနည်းငယ်ဒေါသကြီးပြီး နောက်ပိုင်းတော့ အသားကျလာမှာပါ…. အောင်မြင်ကြပါစေဗျာ…. )

(ဒီ diet program ကို ကျားမ မရွေးလုပ်နိုင်ပါတယ်)
မေတ္တာ သက်သက်ဖြင့်
လင်းလွန်းညို

Wednesday, April 17, 2013

ပညာသင်ယူခြင်း နည်းလမ်းနှစ်သွယ်


လူတဦးတယောက်ရဲ့ အတွေးအခေါ်နဲ့ ပညာသင်ယူနိုင်မှု အရည်အချင်းတွေကို လေ့လာဆန်းစစ်တဲ့ အခါမှာ သက်ဆိုင်သူ အသုံးပြုတဲ့ ပညာသင်ယူခြင်း နည်းလမ်းကို ကြည့်ရှုအကဲဖြတ်နိုင်တယ်လို့ ပညာသင်ကြားရေးနဲ့သင်ယူရေး သုတေသန နယ်ပယ်က ပညာရှင်တွေက အဆိုပြုထားခဲ့ကြပါတယ်။ ပညာရပ်တခုကို လေ့လာသင်ယူတဲ့အခါမှာ လူတယောက်ဟာ ဒီပညာရပ်ကို အပေါ်ယံ လေ့လာသင်ယူခြင်း နည်းလမ်း (Surface approach to learning) ကို အသုံးပြုသလား၊ နက်ရှိုင်းစွာ လေ့လာသင်ယူခြင်း နည်းလမ်း (Deep approach to learning) ကို အသုံးပြုသလားဆိုတာကို သိရင် ဒီလူရဲ့ အတွေးအခေါ်နဲ့ အရည်အချင်းကို လေ့လာအကဲဖြတ်လို့ ရနိုင်ပါတယ်။



အပေါ်ယံလေ့လာသင်ယူခြင်း

ပညာရပ်တခုကို လေ့လာတဲ့အခါ အပေါ်ယံလေ့လာသင်ယူခြင်း နည်းလမ်းကို အသုံးပြုတတ်သူများဟာ အဓိကအားဖြင့် စာမေးပွဲအောင်ရေး၊ ဘွဲ့လက်မှတ်ရရှိရေး၊ ပညာရပ်တပိုင်းတစကို ရေတိုမှာ လိုသလို ဆွဲသုံးနိုင်ရေး စတဲ့ ရည်ရွယ်ချက် ရှိသူများ ဖြစ်ပါတယ်။ သူတို့ဟာ အလုပ်တခုကို ရေဆုံးရေဖျား ထိထိရောက်ရောက်ဖြစ်အောင် လုပ်နိုင်သူများ မဟုတ်ပဲ၊ ရေသာခို လှေကြုံစီးတတ်သူများ ဖြစ်လာလေ့ရှိပါတယ်။ သူတို့အတွက် လေ့လာသင်ယူခြင်းဆိုတာ အလွတ်မှတ်မိခြင်းနဲ့ မှတ်ထားတာတွေကို မှတ်ထားတဲ့ အတိုင်း ပြန်ပြောနိုင်ခြင်း ဖြစ်ပါတယ်။

အပေါ်ယံလေ့လာသင်ယူတတ်သူများရဲ့ လေ့လာသင်ယူခြင်းဆိုင်ရာ ဗျူဟာတွေကတော့ လေ့လာရမယ့် စာအုပ်စာပေထဲက ကောင်းနိုးရာရာ အချက်အလက်တွေကို စွဲထုတ်ပြီး၊ အလွတ်မှတ်မိနေအောင် ကျက်မှတ်ထားခြင်း ဖြစ်ပါတယ်။ လေ့လာနေတဲ့ ပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် နားလည်အောင် ပြုလုပ်လေ့မရှိပါဘူး။ အလွတ်ကျက်မှတ်ခြင်းကိုပဲ ပြုလုပ်တတ်ကြပါတယ်။ ပညာရပ်ဆိုင်ရာ သဘောတရားတွေကို ဆက်စပ်တွေးခေါ်ခြင်း မရှိပဲ၊ ဦးနှောက်ထဲမှာ ပညာတွေ ကျန်ဖို့ထက် စာမေးပွဲအဖြေလွှာပေါ်မှာ ရေးချလိုက်နိုင်ဖို့ကိုသာ အာရုံစိုက်လေ့ ရှိကြပါတယ်။

ပညာရေးဆိုင်ရာ လေ့လာသူ Entwistle နဲ့ Marton တို့ကတော့ ပညာလေ့လာသင်ယူခြင်းဆိုတာ အလွတ်မှတ်မိခြင်းလို့ ရှုမြင်တတ်တဲ့ ကျောင်းသားတွေဟာ ပညာရပ်တွေကို အပေါ်ယံပဲ လေ့လာတတ်လေ့ရှိတာကြောင့် သက်ဆိုင်ရာပညာရပ်ကို နက်နက်နဲနဲ သိနားလည်ခြင်း မရှိကြဘူးလို့ ဆိုထားခဲ့ပါတယ်။

အပေါ်ယံလေ့လာသင်ယူတတ်သူများဟာ ပညာရပ်ရဲ့ အခြေခံသဘောတရားတွေကို လေ့လာတာထက် စာမေးပွဲမှာ ပါနိုင်မယ့် မေးခွန်းတွေမှာ အဖြေဘယ်လိုပေးရမလဲဆိုတာကိုပဲ ကြိုပြီး တွေးလေ့ရှိကြပါတယ်။ စာမေးပွဲနဲ့ အခြား စစ်ဆေးချက်တွေမှာ ကျရှုံးမှာကို အလွန်ပဲ စိုးရိမ်ပူပန်တတ်ကြပါတယ်။ ပညာလေ့လာသင်ယူနေချိန်တွေမှာလဲ ပျင်းရိခြင်းတွေ၊ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်နေတတ်ပါတယ်။

နက်ရှိုင်းစွာလေ့လာသင်ယူခြင်း
နက်ရှိုင်းစွာ လေ့လာသင်ယူခြင်းနည်းလမ်းကို အသုံးပြုတဲ့ ပညာလေ့လာသင်ယူသူများကတော့ ပညာရပ်တခုကို လေ့လာတဲ့အခါမှာ ဒီပညာရပ်နဲ့ ပတ်သက်တဲ့ စာမေးပွဲတွေ အောင်ဖို့နဲ့ ရေတိုအသုံးချနိုင်ရေးကိုပဲ အာရုံထားလေ့ မရှိကြပါဘူး။ ဒီပညာရပ်ကို အသေးစိတ်၊ နက်နက်ရှိုင်းရှိုင်း နားလည်အောင် ကြိုးပမ်းလေ့လာကြပါတယ်။ ဒီပညာကို အသုံးပြုပြီး လက်တွေ့မှာ ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေ၊ ပြဿနာတွေကို အဖြေရှာနိုင်ဖို့ ဆက်စပ်တွေးတောလေ့ရှိကြပါတယ်။ ပညာသင်ယူခြင်းအပေါ်မှာ ပျင်းရိငြီးငွေ့ခြင်း မရှိပဲ ပညာရပ်တွေကို တဆင့်ချင်း စနစ်တကျ လေ့လာသင်ယူကြပါတယ်။ ဖြတ်လမ်းလိုက်လေ့ မရှိကြပါဘူး။

ပညာလေ့လာသင်ယူခြင်းမှာ ဖြတ်လမ်းလိုက်တတ်တဲ့ အကျင့်ဆိုးဟာ မိမိကိုယ်တိုင်ကိုသာမက အများကိုပါ ဒုက္ခရောက်စေတတ်ပါတယ်။ ဥပမာ- နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု indicators တွေပေါ်မှာ အခြေခံပြီး Multivariate analysis လုပ်တယ် ဆိုပါစို့။ ပညာလေ့လာသင်ယူမှုမှာ ဖြတ်လမ်းလိုက်တတ်သူဟာ ဒီလိုဆန်းစစ်ချက်စာတမ်း တချို့ကို ဖတ်မှတ်၊ အရေးပါတဲ့ အချက်တွေကို ဆွဲနှုတ်ပြီး၊ ဒီအကြောင်းကို သိသယောင်ယောင်နဲ့ တတ်ယောင်ကား လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုလေ့လာဆန်းစစ်ချက်လုပ်နိုင်မယ့် အခြေခံသဘောတရားတွေဖြစ်တဲ့ variable approximations, dimension reductions, linear combinations for separation, Higher-dimensional approximations, allocation rules, misclassification စတာတွေကို သဘောမပေါက်တဲ့ အခါကျတော့ လက်တွေ့ပြုလုပ်ရတဲ့ အခါမှာ ကိုးရို့ကိုးယားတွေ ထွက်လာတတ်ပါတယ်။ သိပ္ပံပညာရပ်မှာပဲဖြစ်ဖြစ်၊ ၀ိဇ္ဇာ ပညာရပ်မှာပဲ ဖြစ်ဖြစ် အခြေခံသဘောတရားတွေကို ကျွမ်းကျင်ပိုင်နိုင်မှုမရှိပဲ ဖြတ်လမ်းလိုက် ဆရာလုပ်လိုသူတွေ များလာတဲ့အခါ သက်ဆိုင်ရာ ပညာရပ်နယ်ပယ်မှာသာမက၊ ပညာရပ်နဲ့ လက်တွေ့ဆက်စပ်နေတဲ့ အသုံးချမှု နယ်ပယ်တွေမှာပါ ကသောင်းကနင်း ဖြစ်နေတတ်ပါတယ်။ ဖြတ်လမ်းလိုက်ခြင်းဟာ လူတဦးတည်းအတွက်သာမက အများပြည်သူကိုပါ ဒုက္ခရောက်စေတတ် ပါတယ်။ ဒါကြောင့် နက်ရှိုင်းစွာ လေ့လာသင်ယူခြင်း နည်းလမ်းကို ပညာလေ့လာသူအများက အသုံးပြုကြဖို့ အလွန်ပဲ အရေးကြီးလှပါတယ်။

နက်ရှိုင်းစွာ လေ့လာသင်ယူခြင်းဟာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်တရပ်ဖြစ်တဲ့ higher-order thinking (အတွေးအခေါ် အဆင့်အတန်း မြင့်မားမှု) ကိုလဲ ထောက်ကူပေးနိုင်ပါတယ်။ အတွေးအခေါ် အဆင့်အတန်း မြင့်မားသူတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ အိုင်ဒီယာတွေကို အစဉ်အလာ ဓလေ့ထုံးစံကြောင့် ဆိုပြီးတော့လဲ လက်ခံလေ့မရှိပါဘူး။ ဘယ်သူပြောတဲ့ အဆိုအမိန့်စကား ဆိုပြီးတော့လဲ မျက်စိမှိတ်ယုံကြည်လေ့ မရှိပါဘူး။ အိုင်ဒီယာသဘောတရားတွေကို စနစ်တကျလေ့လာပြီးမှ လက်ခံကျင့်သုံးလေ့ရှိကြပါတယ်။ လက်တွေ့နယ်ပယ်နဲ့ ကိုက်ညီမှုရှိမရှိ ပြန်လှန်သုံးသပ်လေ့ရှိကြပါတယ်။ ပြဿနာတွေရဲ့ အရင်းအမြစ်တွေကို ရှာဖွေပြီး ဖြေရှင်းနိုင်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။ အတွေးအခေါ်သစ်တွေကို ကြံဆရှာဖွေလေ့ရှိကြပါတယ်။ ဝေဖန်ဆန်းစစ်ခြင်း (Critical thinking) ကို ကျင့်သုံးလေ့ရှိကြပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် နက်ရှိုင်းစွာ သင်ယူလေ့လာခြင်းကို အသုံးပြုသူတွေရဲ့ အရည်အချင်းဟာ အပေါ်ယံသင်ယူလေ့လာခြင်းကို အသုံးပြုသူတွေရဲ့ အရည်အချင်းတွေထက် ရေရှည်မှာ ပိုမို တိုးတက်ကောင်းမွန်တတ်တာကြောင့် နက်ရှိုင်းစွာ သင်ယူလေ့လာသူတွေ များပြားတဲ့ လူအဖွဲ့ အစည်းဟာ အာဂုံဆောင် အလွတ်ကျက်ပြီး အပေါ်ယံသင်ယူလေ့လာသူတွေ များပြားတဲ့ လူ့အဖွဲ့ အစည်းထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်လေ့ရှိပါတယ်။ ဒါကြောင့် ပညာသင်ယူခြင်း နည်းလမ်းနှစ်သွယ် ခွဲခြားမှု ကို အသုံးပြုပြီး လူတဦးချင်းစီရဲ့ အရည်အချင်းတွေကို လေ့လာသုံးသပ်နိုင်ရုံမက၊ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကိုပါ ခန့်မှန်းတွက်ချက်လို့ ရနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ပညာရပ်များကို နက်ရှိုင်းစွာ လေ့လာသင်ယူခြင်းမှသည် တိုးတက်သော လူ့ဘောင်ဆီသို့

ခင်မမမျိုး (၁၅၊ ၉၊ ၂၀၁၀)

ရည်ညွှန်းကိုးကား။

Entwistle, N. J. and Maton, F. (1984) 'Changing Concepts of Learning', in Marton, F., Hounsell, D. and Entwistle, N. J. (eds) The Experience of Learning, Edinburgh, Scottish Academic Press

Marton, Saljo (1976) 'On Qualitative Differences in Learning I: Outcomes and Processes', British Journal of Educational Psychology, 45, 4-11.

Marton, Saljo (1976) 'On Qualitative Differences in Learning II: Outcome as a function of the learner's conception of the risk', British Journal of Educational Psychology, 46, 115-117.