Blogger Widgets

Thursday, April 25, 2013

အတွေးစာစု

ဒီတစ်ပါတ်တော့ ဆရာမလွန်းထားထားရဲ့ အတွေးလေးကို ကျွန်တော်ကြိုက်မိနေပါတယ်
ဒါကတော့...




ဆူညံပေါက်ကွဲဖို့  သိပ်လွယ်ကူပေမယ့်..

မြိုသိပ်စောင့်စည်းထိန်းချုပ်တတ
်ဖို့ ...

အသိဥာဏ်ပညာရှိရပါတယ်။

ပြစ်တင်ဝေဖန်ရှုံ့ ချဖို့  လွယ်ကူလွန်းပေမယ့်...

စနစ်တကျ ရင်ဆိုင်ဖြေရှင်းတတ်ဖို့ ..

သတိနဲ့ တာဝန်ယူဦးဆောင်မှုရှိရပါတယ်...။

တောင်းဆိုရယူဖို့  လွယ်ကူလွန်းပေမယ့်...

ပေးဆပ်အနစ်နာခံဖို့ ရင့်ကျက်ထက်သန်တဲ့  မေတ္တာကရုဏာရှိရပါတယ်။
  Credit to : လွန်းထားထား(ဆေးတက္ကသိုလ်)

မုန်လာဥနီသုပ်


မုန်လာဥနီသုပ်

မြန်မာစတိုင် မုန်လာဥနီသုပ် လေးပါ။ လုပ်ရတာလည်း လွယ်ပြီ အချိန်တို အတွင်းမှာပဲ လုပ်စားနိုင်ပါတယ်..
ပါဝင်ပစ္စည်းများ
  • မုန်လာဥနီ – ၃၀၀ ဂရမ် (မုန်လာဥနီကြီးကို အသုံးပြုပါ)
  • သံပရာသီး – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ပျားရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • နှမ်း – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
  • ကြက်သွန်နီကြော် – ၄လုံးစာ (ပါးပါးလှီးပြီ ဆီဖြင့် ကြွပ်ရွအောင် ကြော်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ)

သုပ်နည်း
၁။ အရင်ဆုံး မုန်လာဥနီများကို အခွံနွှာပြီ ခြစ်တံဖြင့် အရှည်ခြစ်ပေးပါ။

၂။ ပြီနောက် ဇောက်ပန်းကန်ထဲ (မုန်လာဥနီ၊ ဆား၊ ပျားရည်၊ သံပရာရည်၊ ဟင်းရွက်ဆီ၊ သံလွင်ဆီ၊ ကြက်သွန်နီကြော်၊ ကြက်သွန်မြိတ်၊ နှမ်း၊ ငရုတ်ကောင်းမှုန့် )တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။


၃။ ပြီလျှင် အပေါ်မှ နှမ်း၊ ကြက်သွန်နီကြော် အနည်းငယ် ဖြူးပြီ ဟင်းရံအဖြစ် အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

ဝက်သားကင် နှင့် အာလူးထောင်း (Grilled Pork Chop with Mash Potato)


Grilled Pork Chop with Mash Potato (၀က်သားကင် နှင့် အာလူးထောင်း)

အနောက်တိုင်း ဟင်းလျာဖြစ်တဲ့ ၀က်သားကင် နဲ့ အာလူးထောင်း လေးပါ။ Pork Chop ဆိုတဲ့အတိုင်း ၀က်ရဲ့ အသားပိုင်းကို ကင်ထားတာပါ။ တချို့ကလည်း နံရိုးနဲ့ အသားနဲ့ တွဲကင်တာမျိုးလည်း ရှိပါတယ်။ ၀တ်ရည်ကတော့ ၀က်သား အသားချည်းပဲ သီးသန့်ကင်ထားတာပါ။ ၀က်သားကင် အရသာက ချိုစိမ့်နဲ့ စားလို့ အရမ်းကောင်း ပါတယ်။ အာလူးထောင်းကိုလည်း နို့နဲ့ပြန်ရောချက်ထားတာမို့ အီစိမ့်စိမ့်လည်း ထောပတ်အနံ့လေး သင်းနေမှာပါ။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ လုပ်စားကြည့်ရအောင်…
ဝက်သားကင်ရန် ပါဝင်ပစ္စည်းများ
  • ၀က်သား – အတုံးကြီး ၂တုံး (အရိုးမပါ)
  • သကြား (အညှိ) – စားပွဲတင်ဇွန်း ၄ဇွန်း
  • ပန်းသီး ဖျော်ရည် – ခွက်တ၀က်
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း

  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
  • ရေ – ခွက်တ၀က်
  • ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ရေဖြင့် ဖျော်ထားပေးပါ)
  • RoseMary – အနည်းငယ် (အနောက်တိုင်းဟင်းခတ် အမွှေးအကြိုင်)
မှတ်ချက်။ ။ အနောက်တိုင်း ဟင်းခတ် အမွှေးအကြိုင်များကို Martket Place တွင် ၀ယ်ယူနိုင်ပါသည်။
ဝက်သားကင်နည်း
၁။ အရင်ဆုံး ၀က်သားကို (ဆား၊ ငရုတ်ကောင်းမှုန့်) အနည်းငယ်ဖြင့် သမအောင် နုယ်ထားပေးပါ။

၂။ ထို့နောက် ဆော့ရည် ချက်ပါမည်။
၃။ ဆော့ရည်ချက်ရန် ဒယ်ထဲသို့ (သကြား၊ ပန်းသီး ဖျော်ရည်၊ ပဲငံပြာရည်၊ ဂျင်း၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဟင်းရွက်ဆီ၊ ရေ) အားလုံးကို ထည့်လိုက်ပြီ သကြားပျော်သည်အထိ မီးအသင့်တင့်ဖြင့် တည်ထားပေးပါ။

၃။ ပြီမှ ဖျော်ထားသော ကော်ရည်ကို လောင်းထည့်လိုက်ပြီ ဆော့ရည် ခပ်ပျစ်ပျစ်အနေထားတွင် မီးပိတ်လိုက်ပါ။
၎။ ၀က်သားမကင်ရန် မီးကင်ပြားကို ဆီသုတ်ထားပေးပြီ မီးသွေး (သို့) ဂက်စ် ဖြစ် ကင်ပေးပါ။
၅။ မီးကင်ပြားပူလာလျှင် ၀က်သားကို ဆော့ရည်များ သုတ်ပေးပြီ တဖက်ကို ၁၅မိနစ်နှုန်းဖြင့် နာရီဝက်ခန့် ၀က်သားကျက်သည်အထိ ကင်ပေးပါ။
၆။ ၀က်သားကင်ရပြီဆိုလျှင် ကျန်ဆော့ရည်များကို အပေါ်မှ လောင်းချလိုက်ပြီ အာလူးထောင်း၊ ဟင်းရွက်သုတ်နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

အာလူးထောင်းပြုလုပ်နည်း
  • အာလူး – ၅လုံး
  • ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
  • နွားနို့ – ၁ခွက်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၁။ အာလူးကို ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ ရေနွေးဖြင့် ပြဲအိသည်အထိ အဖုံးအုပ်ပြီ ပြုတ်ပေးထားပါ။
၂။ အာလူးရပြီဆိုလျှင် ခေတ္တအအေးခံပြီ အခွံနွှာကာ ငရုတ်ဆုံဖြင့် အာလူးများကို ညက်အောင် ထောင်းပေးပါ။
၃။ ထို့နောက် ဒယ်ထဲ ထောပတ်ထည့်ပြီ ကြက်သွန်ဖြူ ဆီသပ်ပေးပါ။
၎။ ပြီမှ နွားနို့ထည့်ပြီ မီးနည်းနည်းဖြင့် ၁မိနစ်ခန့် တည်ထားပါ။
၅။ ပြီနောက် အာလူးထောင်းများကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။
၆။ အရသာအတွက် ဆား၊ ငရုတ်ကောင်းမှုန့်များ ဖြူးပေးပြီ ထောပတ်ရနံ့သင်းသော အာလူးထောင်းရပါပြီ…
ဟင်းရွက်စုံပြုလုပ်နည်း
  • မုန်လာဥနီ – ၁ခု( အရှည်လှီးပေးပါ)
  • ပန်းကော်ဖီ – တစိတ် (အတုံးသေးများ တုံးပါ)
  • ဘိုစားပဲ – ၅ခု (အရှည်အစောင်းလှီးပါ)
၁။ အရင်ဆုံး ဒယ်ရေနွေးထည့်ထားပေးပြီ ဆူလာလျှင် (မုန်လာဥနီ၊ ပန်းကော်ဖီ၊ ဘိုစားပဲ) များကို ကျက်အောင် ၂မိနစ်ခန့် တည်ထားပါ။
၂။ ပြီမျှ ဇကာဖြင့် ပြန်ဆယ်ပြီ ရေအေးစိမ်၍ ရေစစ်ထားပေးပါ။
၃။ ထို့နောက် မုန်လာဥနီ၊ ပန်းကော်ဖီ၊ ဘိုစားပဲ များကို (ဆား၊ ငရုတ်ကောင်းမှုန့်) အနည်းငယ်ဖြင့် သမအောင် ရောနုယ်ပေးပါ။

Tuesday, April 23, 2013

ဒီလိုလူကို မြင်လား?


ရထားစောင့်ရင်း ဘူတာမှာ ကပ်ထားလေ့ရှိတဲ့ manner ပိုစတာတွေကို ဖတ်မိပြီး သဘောကျမိတာလေးတွေရှိတယ်။ ဂျပန်တွေက manner ကို အတော်လိုက်နာကြပါတယ်။ အားလုံးတော့လဲမဟုတ်ပါဘူး။ တွေ့မိသမျှထဲမတော့ busထဲ ရထားထဲ ဖုန်းပြောတာပါ။ ရထားထဲရော busထဲမှာပါ စီးနေတုန်း manner modeထားဖို့က အမြဲလို ကြေငြာပါတယ်။ ဦးစားပေးထိုင်ခုံနေရာတွေမှာဆိုရင်တော့ ဖုန်းကို shutdownလုပ်ဖို့ ကပ်ထားပါတယ်။ ကျမတော့ မေ့ပြီး manner mode မထားမိတတ်တာများတယ်။ ဒါပေမယ့် ဖုန်းလာခဲ့ရင်လဲ မကိုင်ပါဘူး။ ဖုန်းအသံကို အကျယ်ကြီး မထားထားတာမို့ အိပ်ထဲထည့်ထားမိရင် တော်ရုံနဲ့ ဖုန်းသံ မကြားရတတ်လို့ပါ။ တခါမြည်ပြီးမှ ဘယ်သူလဲကို ကြည့်၊ အပြင်ရောက်မှ ပြန်ဆက်ရင်ဆက်၊ ပြန်မဆက်နိုင်သေးရင် manner modeပြောင်းထားလိုက်တယ်။ တချို့ကျ တဖက်သားကို ခု ရထားထဲမှာမို့ နောက်မှပြန်ခေါ်လိုက်မယ်ဆိုပြီး အမြန်ချလိုက်ကြတယ်။ တချို့ကျ တကယ်ကို အကျယ်ကြီးပြောနေတော့တာ အကြာကြီးဘဲ။ နောက်ထပ် ကြုံရတာများတာက နားကြပ်တပ် သီချင်းနားထောင်တာပါ။ ပုံမှန်လောက်ဆို ပတ်ဝန်းကျင်ကို အသံမလျှံထွက်တတ်ပါဘူး။ တချို့များ volumeကို အဆုံးထားပြီး နားထောင်သလားမှတ်ရအောင် သုံး လေးလှမ်းအကွာကနေ သူနားထောင်နေတဲ့သီချင်းကို အားလုံး ကြားနေရတယ်။ အလှပြင်တဲ့သူတွေလဲ တွေ့မိတယ်။ ဆင်းမယ့်ဘူတာ မရောက်မချင်း တောက်လျှောက် မှန်တကြည့်ကြည့်နဲ့ ပြင်နေတော့တာ။ တချို့က ရထားထဲရောက်မှ အစအဆုံး အလှပြင်တယ်၊ တချို့ကြတော့ ပြင်လာပြီးသားကို တချိန်လုံး သနေတယ်။ ဒီလိုမျိုး အပြုအမူတွေကို ဂျပန်မှာ "မန်နားအိဟန်း (マナー違反/ Breach of manners)" နိုင်ငံကြီးသား မပီသတဲ့ အပြုအမူလို့ သတ်မှတ်ပါတယ်။

အများကို အနှောက်အယှက်ပေးတဲ့ အပြုအမူ မလုပ်မိစေဖို့ ဘူတာမှာ manner ပိုစတာတွေ ကပ်ထားတတ်တယ်။ အဲဒီထဲကမှ တိုကျိုမက်ထရိုရဲ့ ဒီနှစ်ထုတ် manner poster series ကို အတော် သဘောကျမိတယ်။ တိုကျိုမက်ထရိုက ၁၉၇၄ခုနှစ် ၉လပိုင်းကစပြီး လစဉ် manner ပိုစတာ အသစ်ကပ်လေ့ရှိပါတယ်။ နှစ်တိုင်း ခေါင်းစဉ်တခုထားပြီး အဲဒီခေါင်းစဉ်နဲ့ အကိုက်ပုံတွေကို လစဉ် အသစ်ကပ်ပါတယ်။

၂၀၀၅ခုနှစ်အထိထဲမတော့ "ကမ္ဘာ့အပျော်ဆုံး မက်ထရိုဆီသို့" "ပိုပြီး ပြုံးပန်းဝေတဲ့ မက်ထရိုဆီသို့" (世界でいちばん、ハッピーなメトロへ。もっと、スマイルメトロへ。)

၂၀၀၆ခုနှစ်မှာတော့ "ပျော်ရွှင်ဖွယ် အပြုအမူ အားလုံးလဲ စိတ်ချမ်းသာ ကိုယ်တိုင်လဲ စိတ်ချမ်းသာ" (Happy Manner~みんながキモチいい。あなたもキモチいい。)

၂၀၀၇ခုနှစ်မှာ "သက်ကြီးအပြုအမူ သက်ငယ်အတုခိုး" (おとながお手本です。)

၂၀၀၈ / ၂၀၀၉ခုနှစ်မှာ " ~~မှာ ပြုလုပ်ကြစို့" (○○でやろう。)

၂၀၁၀မှာတော့ "ထပ်ပြီး ပြုလုပ်ကြစို့" (またやろう。)

ဒီနှစ် ၂၀၁၁ကျ "ဒီလိုလူကို မြင်လား?!" (こんな人を見た。) ဆိုတဲ့ ခေါင်းစဉ်ပါ။ အရင်နှစ်တွေနဲ့မတူ တိရစ္ဆာန်ပုံလေးတွေနဲ့ဆိုတော့ သဘောကျမိတာမို့ လစဉ်အလိုက်ပုံလေးတွေ တင်လိုက်ပါတယ်။


၂၀၁၁-ခုနှစ် ၁၀-လ
ဈာန်ဝင်ပြီး အလှပြင်၊ မှန်ကြည့်တာထက် ပတ်ဝန်းကျင်ကို ကြည့်တတ်ပါ

၂၀၁၁-ခုနှစ် ၉-လ
သူများကိုမှီပြီး တခေါခေါ၊ အိပ်ပျော်သူ့မျက်နှာဘေးက အခက်တွေ့နေသူမျက်နှာ

၂၀၁၁-ခုနှစ် ၈-လ
သင့်နားကြပ်ကအသံတွေ ဘေးလျှံထွက်နေပါသလား?

၂၀၁၁-ခုနှစ် ၇-လ
ကြားဖြတ်မဝင်ပါနဲ့၊ စည်းစနစ်တကျ တန်းစီပါ

၂၀၁၁-ခုနှစ် ၆-လ
ထီးကရေစက် သူများတွေဆီ စင်ကုန်ပြီလား?

၂၀၁၁-ခုနှစ် ၅-လ
မလောပါနဲ့ မပြေးပါနဲ့၊ အေးအေးဆေးဆေး ပြုလုပ်ပါ

၂၀၁၁-ခုနှစ် ၄-လ
ကပ်ထိုင်ပေးပါ တထိုင်စာလောက် ရပါစေ။ ကူညီပါနော်


ကိုးကား
http://www.tokyometro.jp
http://scope.metrocf.or.jp/gallery/mp_gallery2011.html

မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ဘ၀ (အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)


(၁) ဇီဝိတ - ဘယ်အသက်အရွယ်မှာ သေမယ်ဆိုတာလည်း မသိနိုင်ကြဘူး။
…သတ္တ၀ါတွေဟာ ဘယ်အသက်အရွယ်ထိပဲ နေရတယ်၊ ဘယ်အသက်အရွယ်ရောက်လို့ရှိရင် အားလုံးသေကြရတယ်လို့ သတ်မှတ်ချက် မရှိပါဘူး။ အမိဝမ်းအတွင်းမှာလည်း ကလလရေကြည် အခိုက်မှာပဲ ဖြစ်ဖြစ်၊ ရေမြှုပ်ဖြစ်နေတဲ့အခိုက်မှာပဲဖြစ်ဖြစ်၊ အသားတစ်ဖြစ်နေတဲ့အခိုက်မှာပဲဖြစ်ဖြစ်၊ စသည်အားဖြင့် အမိဝမ်းအတွင်းမှာလည်း အချိန်အမျိုးမျိုးမှာ သေဆုံးသွားနိုင်တာပဲ။

…အမိဝမ်းက ထွက်လာပြန်တော့လည်း တစ်နာရီ၊ နှစ်နာရီစတဲ့ နာရီပိုင်းအတွင်း၊ တစ်ရက်၊ နှစ်ရက် စတဲ့ ရက်ပိုင်းအတွင်း၊ တစ်ပတ်၊ နှစ်ပတ်စတဲ့ အပတ်ပိုင်းအတွင်း၊ တစ်နှစ်၊ နှစ်နှစ်စတဲ့ နှစ်ပိုင်းအတွင်း စသည်အားဖြင့် ဘယ်အသက်အရွယ်မှာမဆို သေဆုံးသွားနိုင်တာပဲ။

…ဘယ်အသက်အရွယ်မှာမဆို သေဆုံးသွားနိုင်တဲ့အတွက်ကြောင့် လူသားအပါအ၀င် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ဘယ်အသက်အရွယ်မှာ သေရမယ်ဆိုတာကိုလည်း ကြိုတင်ပြီးတော့ မသိနိုင်ကြဘူး။

(၂) ဗျာဓိ - ဘယ်အနာရောဂါနဲ့ သေဆုံးရမယ်ဆိုတာကိုလည်း မသိနိုင်ဘူး။
…သတ္တ၀ါတွေဟာ ဘယ်အနာရောဂါနဲ့ပဲ သေဆုံးကြတယ်ဆိုတဲ့ အတိအကျ သတ်မှတ်ချက် မရှိဘူး။ မျက်စိနဲ့ပတ်သက်တဲ့ အနာရောဂါနဲ့လည်း သေနိုင်သလို၊ နားနဲ့ပတ်သက်တဲ့ အနာရောဂါ၊ နှာခေါင်းနဲ့ ပတ်သက်တဲ့ အနာရောဂါ၊ လျှာနဲ့ပတ်သက်တဲ့ အနာရောဂါ၊ ကိုယ်နဲ့ပတ်သက်တဲ့ အနာရောဂါ၊ စိတ်နဲ့ ပတ်သက်တဲ့ အနာရောဂါ စသည်အားဖြင့် ဘယ်အနာရောဂါမျိုးနဲ့မဆို သေဆုံးသွားနိုင်တယ်။

…အနာရောဂါ တစ်ခုတည်းသာမကဘဲ တစ်ခုထက်များတဲ့ အနာရောဂါတွေနဲ့လည်း သေဆုံးသွားနိုင် တာပဲ။ တစ်ယောက်နဲ့တစ်ယောက် သေဆုံးရမယ့် အနာရောဂါတွေကလည်း မတူကြဘူး။ ဘယ်အနာ ရောဂါမျိုးနဲ့မဆို သေဆုံးသွားနိုင်တဲ့အတွက် လူသားအပါအ၀င် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ဘယ်အနာရောဂါနဲ့ သေဆုံးရမယ်၊ မိမိသေလွန်တဲ့အချိန်မှာ ဘယ်အနာရောဂါဖြစ်မယ်ဆိုတာကိုလည်း ကြိုတင်ပြီးတော့ မသိနိုင်ကြဘူး။

(၃) ကာလ - သေရမယ့် အချိန်ကိုလည်း မသိနိုင်ဘူး။
…သတ္တ၀ါတွေဟာ မနက်ပိုင်းအချိန်မှာပဲ သေကြတယ်၊ ကျန်တဲ့အချိန်တွေမှာ မသေကြဘူးလို့ ဒီလိုသတ်မှတ်ချက် မရှိပါဘူး။

…မနက်ပိုင်းအချိန်မှာလည်း သေနိုင်သလို နေ့လယ်ပိုင်းအချိန်မှာလည်း သေနိုင်တယ်၊ ညနေပိုင်း အချိန်မှာလည်း သေနိုင်တယ်၊ ညပိုင်းအချိန်မှာလည်း သေနိုင်တယ်။ ထမင်းစားရင်းလည်း သေနိုင် သလို ရေသောက်ရင်းလည်း သေသွားနိုင်တယ်။ ဘုရားရှစ်ခိုးရင်းနဲ့လည်း သေဆုံးသွားနိုင်သလို သတင်းစာဖတ်ရင်း တန်းလန်းနဲ့လည်း သေချင် သေသွားနိုင်တာပါပဲ။

…ဘယ်အချိန်မှာမဆို သေဆုံးသွားနိုင်တဲ့အတွက်ကြောင့် လူသားအပါအ၀င် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ဘယ်အချိန်မှာ သေဆုံးရမယ်ဆိုတာ ကြိုတင်ပြီး မသိနိုင်ကြပါဘူး။

(၄) ဒေဟနိက္ခေပန - သေပြီးတဲ့နောက် မိမိရဲ့အလောင်းကောင်ကို ဘယ်နေရာမှာ ပစ်ချခံရမလဲ ဆိုတာကိုလည်း မသိနိုင်ဘူး။
…သတ္တ၀ါတွေဟာ သေဆုံးသွားတဲ့အခါမှာ နေရာတစ်နေရာတည်းမှာပဲ အလောင်းကောင်ပစ်ချခံ ရတယ်လို့ အတိအကျ သတ်မှတ်ချက် မရှိဘူး။ ရေထဲမှာ မွေးတဲ့ပုဂ္ဂိုလ်က ကုန်းပေါ်မှာ အလောင်း ပစ်ချခံချင်ခံရမယ်။ ကုန်းပေါ်မှာ မွေးတဲ့ပုဂ္ဂိုလ်က ရေထဲမှာ အလောင်းပစ်ချခံချင်ခံရမယ်။ ရွာမှာ မွေးတဲ့ပုဂ္ဂိုလ်က မြို့မှာ အလောင်းပစ်ချခံချင်ခံရမယ်၊ မြို့မှာမွေးတဲ့ပုဂ္ဂိုလ်က တောမှာ အလောင်း ပစ်ချခံချင်ခံရမယ်၊ စသည်အားဖြင့် ဘယ်နေရာမှာမဆို မိမိရဲ့ အလောင်းကောင်က ပစ်ချခံရနိုင်တယ်။

…အရင်တုန်းကဆို ရန်ကုန်မှာနေတဲ့ ပုဂ္ဂိုလ်တွေက ငါသေရင် ငါ့အလောင်းကို ကြံတောသုသာန်မှာ ပစ်ချခံရမှာ သေချာတယ်လို့ အတပ်ပြောချင်ပြောကြလိမ့်မယ်။ အခုတော့ ကြံတောသုသာန်လည်း မရှိတော့တဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေရဲ့ တွေးဆပြောဆိုချက်ဟာ ဘယ်နည်းနဲ့မှ ​မမှန်နိုင်တော့ဘူးနော်။

…ဘယ်နေရာမှာမဆို၊ ဘယ်သုသာန်မှာမဆို အလောင်းကောင်ကို ပစ်ချခံရနိုင်တဲ့အတွက်ကြောင့် လူအပါအ၀င် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ငါသေရင် ငါ့အလောင်းကောင်ကို ဘယ်နေရာမှာ ပစ်ချ ခံရမယ်၊ စွန့်ပစ်ခံရမယ်ဆိုတာကိုလည်း ကြိုတင်ပြီး မသိနိုင်ကြပါဘူး။

(၅) ဂတိ - သေလွန်ပြီးတဲ့နောက် ဘယ်ဘ၀ကို လားရောက်ရမယ်၊ ဘယ်ဂတိကို သွားရမယ်ဆိုတာ ကိုလည်း ကြိုပြီးတော့ မသိနိုင်ဘူး။
…သတ္တ၀ါတွေဟာ သေဆုံးပြီးသွားရင် ဘယ်ဂတိတစ်ခုကိုပဲ သွားရတယ်လို့ အတိအကျ ပုံသေ ကန့်သတ်ချက် မရှိပါဘူး။ ဥပမာဆိုပါတော့- လူတွေ သေသွားလို့ရှိရင် လူပဲ ပြန်ဖြစ်တယ်လို့ ဒီလို အတိအကျ ကန့်သတ်ချက် မရှိပါဘူး။ လူသေလို့ရှိရင် လူလည်း ပြန်ဖြစ်နိုင်သလို နတ်လည်း ဖြစ်နိုင်တယ်။ ငရဲလည်း ကျသွားနိုင်တယ်။ တိရစ္ဆာန်လည်း ဖြစ်နိုင်တယ်၊ ပြိတ္တာလည်း ဖြစ်နိုင်တယ်။ ဂတိငါးမျိုးမှာ တစ်မျိုးမျိုး ဖြစ်နိုင်တယ်။

…နတ်တွေ သေသွားလို့ရှိရင် နတ်ပဲပြန်ဖြစ်တယ်လို့ ဒီလို အတိအကျ ကန့်သတ်ချက်လည်း မရှိဘူး။ နတ်တွေ သေလွန်ပြီးတော့ နတ်ပြန်ဖြစ်တဲ့သူလည်း ရှိမယ်၊ လူဖြစ်တဲ့သူလည်း ရှိမယ်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်တဲ့သူလည်း ရှိမယ် စသည်အားဖြင့်ပေါ့။ ဂတိငါးမျိုးမှာ တစ်မျိုးမျိုး ဖြစ်နိုင်တယ်။ အသူရကာယ်ကို ပြိတ္တာမှာ သွင်း၊ ဗြဟ္မာကို နတ်မှာ သွင်းပြီး ဂတိငါးမျိုး (လားရာဘ၀ငါးမျိုး) ရှိပါတယ်။

…ရဟန္တာမှအပ သတ္တ၀ါတွေ သေဆုံးပြီးတဲ့အခါမှာ (၁) ငရဲ (၂) တိရစ္ဆာန် (၃) ပြိတ္တာ (၄) လူ (၅) နတ် လို့ခေါ်တဲ့ ဂတိငါးပါးမှာ တစ်ပါးပါးသို့ လားရောက်ရမှာဖြစ်တဲ့အတွက်ကြောင့် လူအပါအ၀င် သတ္တ၀ါ တွေဟာ သေဆုံးသွားတဲ့အခါမှာ ကိုယ့်ကိုယ်ကို ဘယ်ဘ၀၊ ဘယ်ဂတိကို လားရောက်ရမယ်ဆိုတာ ကိုလည်း ကြိုတင်ပြီးတော့ မသိနိုင်ကြပါဘူး။ လူသားအားလုံး၊ လူသားအပါအ၀င် သက်ရှိသတ္တ၀ါအားလုံးဟာ မသိခြင်းငါးပါးနဲ့ အသက်ရှင်နေကြ ရတဲ့ သနားစရာ သတ္တ၀ါတွေ ဖြစ်ပါတယ်။
(၁)  ဘယ်အသက်အရွယ်မှာ သေမလဲ။
(၂)  ဘယ်အနာရောဂါနဲ့ သေမလဲ။
(၃)  ဘယ်အချိန်မှာ သေမလဲ။
(၄)  အသေကောင်ကို ဘယ်သုသာန်မှာ စွန့်ပစ်ခံရမလဲ။
(၅)  သေပြီးရင် ဘယ်ဘ၀ရောက်မလဲ။

…ဒီငါးပါးကို လူသားတွေ၊ လူသားအပါအ၀င် သတ္တ၀ါတွေ မသိနိုင်ကြပါဘူး။ ဒီမသိခြင်းငါးပါးက လူသားအားလုံး၊ သက်ရှိသတ္တ၀ါ အားလုံးကို လွှမ်းမိုးနှိပ်စက်နေပါတယ်။ လူသားအားလုံးဆိုတာက ယေဘုယျအနေနဲ့ အများစုကို ခြုံငုံပြောတာပါ။ အနည်းစုအနေနဲ့ တရားတန်ခိုးရှိသူ၊ တရားစွမ်းအား ကြီးမားသူ သူတော်ကောင်းပုဂ္ဂိုလ် တချို့ကတော့ သိနိုင်ကြပါတယ်။

…အထူးသဖြင့် အာနာပါနကမ္မဋ္ဌာန်းကို အောင်မြင်ပေါက်မြောက်အောင် အားထုတ်ထားတဲ့ ပုဂ္ဂိုလ်များဟာ မိမိသေရမယ့်အချိန်ကို ကြိုတင်ပြီးတော့ အတိအကျ သိနိုင်ကြပါတယ်။ အချိန်ကို သိသလို ကျန်တဲ့ အချက်လေးချက်ကိုလည်း ကျွဲကူးရေပါ သိနိုင်ကြပါတယ်။

…အနည်းဆုံး သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်များဟာ “ငါသေလွန်ပြီးရင် အပါယ်လေးပါး မလားရောက် ရတော့ဘူး။ လူ၊ နတ်၊ ဗြဟ္မာ ကောင်းရာသုဂတိကိုသာ လားရောက်ရတော့မယ်” လို့ သေချာပေါက် ပြောနိုင်ကြပါတယ်။ ဒါပေမယ့် ကောင်းရာသုဂတိဘုံတွေက အများကြီးရှိတာမို့ ဘယ်ဘုံကို ရောက်ရမယ်ဆိုတာကိုတော့ အတိအကျ သိဖို့ မလွယ်ပါဘူး။

…ဒါကြောင့် ဘာပဲဖြစ်ဖြစ်၊ မပြောပလောက်တဲ့ ပုဂ္ဂိုလ်အနည်းစုကသာ သိနိုင်ကြ၊ သိပြန်တော့လည်း တစ်စိတ်တစ်ဒေသလောက်သာ သိနိုင်ကြတာမို့ တစ်စိတ်တစ်ဒေသလောက်သာ သိနိုင်ကြတဲ့ ပုဂ္ဂိုလ်​အနည်းစုကို စကားထဲ ထည့်ပြောမနေတော့ဘဲ ချွင်းချက်အနေနဲ့ ချန်လှပ်ထားခဲ့ပြီး…..

…လူသားအားလုံး၊ သက်ရှိသတ္တ၀ါအားလုံး မသိခြင်းငါးပါးနဲ့ အသက်ရှင်နေကြရတယ်လို့ ဆိုလိုက်ရင် စကားကတ်ချင်သူများ စောဒကတက်နေဖို့ လိုမယ်မထင်တော့ပါဘူး။

…ကိုယ့်ကိုယ်ကို သိလှပြီ၊ တတ်လှပြီလို့ အထင်ရောက်၊ ဘ၀မောက်နေကြတဲ့ ပုဂ္ဂိုလ်များ ကိုယ့်ဘ၀ကိုယ် မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ ဘ၀လို့ နားလည်သဘောပေါက်ခဲ့မယ်ဆိုရင် အခြောက်တိုက် မာန်မာနတက်နေစရာ မလိုတော့ဘူး ထင်ပါတယ်။

…မသိခြင်းငါးပါးကိုသာ လူသားအားလုံး သတိရကြမယ်ဆိုရင် ဒီကမ္ဘာလောကကြီးထဲမှာ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ ကိလေသာသောင်းကျန်းမှုတွေ နည်းပါးသွားမှာ သေချာပါတယ်။
ဇီဝိတံ ဗျာတိ ကာလော စ၊
ဒေဟနိက္ခေပနံ ဂတိ။
ပဉ္စေတေ ဇီဝလောကသ္မိံ ၊
အနိမိတ္တာ န နာယရေ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

ကျောင်းဆရာဘဝ၊ ကျောင်းဆရာ ပညာရေး



ကျောင်းဆရာဆိုတာ ကျောင်းသားတွေရဲ့ ပညာရေးအတွက် သင်ပြပေးနေရတာပါ။ ကျောင်းဆရာဟု ဆိုရာ၌ အချို့နေရာများတွင် ကျောင်းဆရာမများကိုပါ တပါတည်း ဆိုလိုပါသည်။
“ကလေးတွေရဲ့ ပညာရေးအတွက်ပဲ ဘာတွေ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေစရာလိုသေးလဲ” ဟု မေးစရာရှိပါသည်။ ဤမေးခွန်း၏ အဓိပ္ပါယ်မှာ ဆရာဖြစ်လက်မှတ် ရထားပြီးသားပုဂ္ဂိုလ်တွေပဲ၊ သူတို့အတွက် နောက်ထပ် ပညာဆည်းပူးဖို့ လိုသေးလားဟူ၍ ဖြစ်ပါသည်။

ဤနေရာ၌ လုပ်ခွင်ထဲမှနေ၍ ဆရာအတတ်သင် သင်တန်းတက်ခြင်း၊ မွမ်းမံသင်တန်းတက်ခြင်း၊ ဘွဲ့မရသေးသူများ ဘွဲ့အတွက် ကျောင်းဆက်တက်ခြင်း၊ ဘွဲ့လွန်သင်တန်းတက်ခြင်းတို့ကို ဆွေးနွေးမည် မဟုတ်ပါ။ ဘွဲ့မရသေးသူဖြစ်စေ၊ ဘွဲ့ရပြီးသူဖြစ်စေ၊ သင်တန်းမတက်ရသေးသူဖြစ်စေ၊ သင်တန်းတက်ပြီးသူဖြစ်စေ၊ ကျောင်း ဆရာ၊ ဆရာမတို့အ တွက် ပညာရေးသည် ဆုံးခန်းတိုင်ခြင်းမရှိဘဲ၊ ဆက်လက်ဆည်းပူး လေ့လာရန်လိုကြောင်း ဆွေးနွေးရန် ရည်ရွယ် ခြင်းဖြစ်ပါသည်။

ကျနော်တို့ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် ခြေချပြီး၊ “ပြည်သူပိုင်”ဆိုင်းဘုတ်အောက်မှာ အများပြည်သူပိုင် စီးပွားရေးလုပ်ငန်း ကြီးကြီးငယ်ငယ် မှန်သမျှကို အဓမ္မသိမ်းယူခြင်း၊ စက္ကူပိုက်ဆံများ ပလူပျံအောင်ထုတ်ဝေခြင်း မပြုမီ ကာလအထိ၊ မူလတန်းပြဆရာမှအစ အေးအေးချမ်းချမ်း ရိုးရိုးသားသားနေထိုင်တတ်သူ ကျောင်းဆရာ အားလုံးအဖို့ စားဝတ်နေရေးဒုက္ခ ကြီးကြီးကျယ်ကျယ် ရှိခဲ့ပုံမရပါ။
ကျနော်တို့ကို သင်ကြားပေးခဲ့သော ဆရာ၊  ဆရာမများ၏ ထိုစဉ်က လူနေမှုအဆင့်အတန်းကို ပြန်ပြောင်းစဉ်းစာကြည့်ပြီး ပြောခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ ကျောင်းဆရာ၏ လူမှုရေးအဆင့်အတန်းသည်လည်း ရုပ်ပျက်ဆင်းပျက် ဖြစ်လောက်အောင် နိမ့်ကျခြင်းမရှိခဲ့ချေ။ သို့ရာတွင် မဆလ ခေတ်မှစ၍ ကြည့်ရင်းကြည့်ရင်းမှာပင် ကျောင်းဆရာ၏ လူနေမှုအဆင့်အတန်း သိသိသာသာကြီး နိမ့်ကျလာခဲ့သည်ကို တွေ့ရပါသည်။

ကျောင်းဆရာ၏ လူနေမှုအဆင့်အတန်း နိမ့်ကျပုံကို သရုပ်ဖေါ်ထားသော ဝတ္တုတိုတပုဒ်ကို ကျနော် ဖတ်ဖူးပါ သည်။ ဝတ္တုတိုမှာ စာရေးဆရာ ဥက္ကလာခင်စော၏ “အသက် လေးဆယ်ကျော် အင်္ကျီကော်လာပြဲ” ဟူ၍ ဖြစ်ပါသည်။
စာသင်ခြင်းမှလွဲ၍ ဘာအလုပ်မျှ မလုပ်တတ်၊ အခြားဝင်ငွေမရှာတတ်၊ ဆရာကတော်ကပင်လျှင် အထင်မကြီးတော့။ ဆရာကတော်က “အသက် လေးဆယ်ကျော် အင်္ကျီကော်လာပြဲ” ဟု သရော်လှောင်ပြောင်သည်။ သားနှင့် သမီးသည်ပင် အထက်တန်းစာမေးပွဲအောင်ပြီးကြရာ၊ နှစ်ယောက်စလုံးကလည်း ကျောင်းဆရာ လုပ်လိုသည်ဟု ဆိုကြသည်။ အဖေဖြစ်သူ ဆရာက ဆရာတွေလုပ်ကြဦးမယ့် သားနှင့် သမီး၏ ဘဝရှေ့ရေး အတွက် ရင်လေးနေမိသည်ဟု ဝတ္ထုက အဆုံးသတ်ထားသည်။
ကျောင်းဆရာ၏ ခြောက်သွေ့ပြီး၊ ငြီးငွေ့ဖွယ်ကောင်းလှသော ဘဝကို ထင်ဟပ်ပြထားခြင်း ဖြစ်ပါသည်။ ကျနော် ဤဝတ္တုကို ဖတ်ရချိန်၌ ကျောင်းချိန်အပမှာ ဘေးပန်းဝင်ငွေရရှိရေးအတွက် အပြေးအလွှား၊ တဖားဖား အလုပ်လုပ်နေရသော ကျောင်းဆရာအချို့ကို မြင်တွေ့နေရပါသည်။ အများအားဖြင့် တရားမဝင် ကျူရှင်ပြခြင်း ဖြစ်သည်။ ယနေ့ခေတ်မှာလို ကိုယ့်တပည့်များကို အနိုင်ကျင့်ငွေတောင်းခြင်း၊ တပည့်များထံမှ တံစိုးလက်ဆောင်ယူခြင်းတို့ ကိုတော့ မတွေ့ရသေးပါ။

ကျောင်းဆရာဘဝ၏ နုံချာပုံနှင့်ပတ်သက်၍ ဆရာမောင်စွမ်းရည်၏ ကဗျာတပုဒ်ကို ကျနော် မှတ်မိပါသေးသည်။

ကျောင်းသားမှအပ
ဘာမဆို ရိုကျိုးနေကျ။
ဒေါင် ဆိုရင်ဝင်၊ စာကိုသင်
ဒေါင်ဆိုရင် အပြင်၊ ရပ်လော့ စာအသင်။
ဂုတ်ဖွာတိုက်ပုံ၊ လုံချည်အစိမ်း
အင်္ကျီအဖြူ
သြော်- ချွေးတွေထွက်တဲ့ စက်ရုပ်လူ။
သူ့သံပတ်မှာ မရှည်လာလည်း
ခရီးတာမှာ ရှည်ရှည်လာခဲ့
ခုခါ လေးငါး ခြောက်ဆ ခုနစ်ဆ။

ငွေမဲ့အာဏာမဲ့ ဘဝဖြင့် ကျောင်းဆရာသည် အာဏာရှိသူ၊ ငွေရှိသူတို့အပေါ် ရိုကျိုးနေရသည်မှာ အမှန်ပင် ဖြစ်ပါသည်။ မဆလခေတ်မှာ မဆလပါတီ၊ ကောင်စီတို့ လက်တိုလက်တောင်း ခိုင်းစေနေသည်ကို နာခံရိုကျိုးပြီး၊ တဖားဖား လုပ်ကိုင်ပေးခဲ့ကြရသော ကျောင်းဆရာများကို ကျနော် တွေ့ရမြင်ရတိုင်း ဆရာမောင်စွမ်းရည်၏ ကဗျာကို ကျနော် ပြေးပြီး အမှတ်ရနေမိခဲ့ပါသည်။
နာခံရိုကျိုးခြင်းမရှိသော ကျောင်းဆရာများသည် အာဏာဒဏ် သို့မဟုတ် ငွေဒဏ်သင့်ခဲ့ကြရပါသည်။ ဤအကြောင်း သရုပ်ဖော်ထားသော ဝတ္ထုတိုတပုဒ်ကိုလည်း ကျနော် မှတ်မိနေပါသေးသည်။

ရန်ကုန်မြို့လယ်ရှိ၊ မျက်နှာကြီး ကျောင်းတကျောင်း (သို့ရာတွင် ပြည်သူပိုင်ခေတ် ကျောင်းဖြစ်၍ အစိုးရ ကျောင်းပင် ဖြစ်ပါသည်။) သို့ မြို့ဆင်ခြေဖုံး၊ ဆင်းရဲသားရပ်ကွက် ကျောင်းတကျောင်းမှ ကျောင်းဆရာလေးတယောက် ပြောင်းရွှေ့သွားခဲ့သည်။
တနေ့သ၌ ရွှေ၊ ငွေ လက်ဝတ်ရတနာ ဒွါဒရာတို့ ဆင်ယင်ပြီး၊ မိတ်ကပ် ရောင်စုံချယ်ထားသော မိန်းမကြီးတယောက် ဆရာ့ဆီ ရောက်လာခဲ့သည်။ သူ့သားကို နောက်တန်း ခုံမှနေ၍ ရှေ့တန်းခုံ သို့ ပြောင်းရွှေ့ နေရာချထားပေးရန် မေတ္တာရပ်ခံသည်။ ကျေးဇူးမမေ့ပါဟုလည်း ငွေဖြင့်ဖြားယောင်းသည်။ သူ့ သားသည် မျက်စိ အမြင်အာရုံ အားနည်းပါသည်ဟုလည်း အကြောင်းပြသည်။
ဆရာက ကလေးသည် မျက်စိ အမြင်အာရုံ အားမနည်းကြောင်း အထောက်အထားဖြင့် ရှင်းပြသည်။ သို့သော် ကျောင်းသား မိခင်က လက်လျှော့မသွား။ သူ့သား၏ ဘေးက ကလေးသည် ကားဒရိုက်ဘာ၏ သားဖြစ်၍ ဤကလေးနားမှာ သူ့သားကို မထားလိုပါဟု အကြောင်းပြ ပြန်သည်။ ဤအကြောင်းပြချက်ကိုလည်း ဆရာက ပယ်ချသည်။ သူသည် တပည့်များနှင့် ပတ်သက်၍ မျက်နှာကြီးငယ် ခွဲခြားတတ်သူ မဟုတ်ကြောင်း ပြောပြသည်။ မျက်နှာကြီး ကျောင်းသားမိ ခင်က သူ့အလိုအတိုင်း လုပ်ပေးမည်လားဟု လေသံမာမာနှင့် ခြိမ်းခြောက်သည်။ ဆရာက မမှု။
နောက်ဆုံး၌ ထို ကျောင်းဆရာ သူရဲကောင်းသည် “စိန်ကောင်း ကျောက်ကောင်းများ” ရှိရာ ထိုမျက်နှာကြီးကျောင်းမှနေ၍ မြို့စွန်၏ ‘ကျောက်စရစ်ခဲများ” ရှိရာ ကေsာင်းသို့ ပြောင်းရွှေ့ခြင်းခံလိုက်ရသည်။ ဝတ္ထုတိုမှာ စာရေးဆရာ စိတြ၏ “စိန်ကောင်း ကျောက်ကောင်း ရှာပါးဘိသနဲ့” ဟူ၍ ဖြစ်ပါသည်။
ထိုဝတ္ထုကို ဖတ်ပြီးနောက်၊ နှစ်ပေါင်းအတော်ကြာတွင် ဝတ္ထုရေးသူ အနှီကျောင်းဆရာ သူရဲကောင်းကို မမျှော်လင့်ဘဲ၊ ကျနော် လူချင်းဆုံဖြစ်ခဲ့ပါသည်။ သူ့ပုံသည် ဘာမထီပုံ ဖြစ်သည်။ သို့ရာတွင် သူသည် ကျောင်းဆရာ မဟုတ်တော့ပြီ။ ဘာမထီ လူစားဖြစ်၍ ကျောင်းဆရာ ဘဝမှာ မမြဲခဲ့လေသလား၊ ကျောင်းဆရာဘဝမှ လွတ်လာခဲ့၍ ဘာမထီပုံ ပေါက်လာလေသလားတော့ ကျနော် မဝေခွဲ တတ်ခဲ့ရိုး အမှန်ပင်ဖြစ်ပါသည်။

ကျနော်တို့၏ ဗမာပြည် လူ့အဖွဲ့အစည်းမှာ ကျောင်းဆရာသည် အနိမ့်ဆုံး လူ့အလွှာထဲက မဟုတ်သည့်တိုင်၊ လူမှုစီးပွားရေး အဆင့်အတန်းနိမ့်ကျခြင်း၊ လူမှုအသိုင်း အဝိုင်းမှာ သြဇာအရှိန်အဝါကင်းမဲ့ခြင်း၊ သိမ်ငယ် စိုးရွံ့ခြင်းတို့သည် ကျောင်းဆရာ၏ သွင်ပြင်လက္ခဏာမှာ ပေါ်လွင်နေကြောင်း တွေ့ရပါသည်။ ရုရှစာရေးဆရာကြီး၊ ချက်ကော့ကလည်း ကျောင်းဆရာ၏ သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ ဤသဘောမျိုး ရေးခဲ့သည်ကို ကျနော် ဖတ်ခဲ့ဖူးပါသည်။

ဘဝအခြေမလှခြင်း (တနည်း) ဘဝနုံချာခြင်းသည် ကျောင်းဆရာတဦးချင်းအဖို့ ဖြေရှင်းနိုင်သော ကိစ္စမဟုတ်ပါ။ လူတန်းစား ကွဲပြားခြားမှု၊ လူတန်းစားဖိနှိပ်မှု၊ လူတန်းစားသွေးစုပ်မှုတို့သည် လူတန်းစားစနစ်နှင့် ဆိုင်သော ပြဿနာများသာ ဖြစ်ပါသည်။ လူတန်းစာတိုက်ပွဲဖြင့်သာ ဖြေရှင်းနိုင်ပါသည်။ ဤနေရာ၌ လူတန်းစားနှင့် လူတန်း စားတိုက်ပွဲအကြောင်း ဆွေးနွေးမည် မဟုတ်သဖြင့် ကျောင်းဆရာ၏ ဘဝအကြောင်းကို ဤမျှလောက်သာ ဆွေးနွေးလိုပါသည်။
ဒုတိယအနေနှင့် ဆွေးနွေးတင်ပြလိုသည်မှာ ကျောင်းဆရာ၏ ပညာရေး ဖြစ်ပါသည်။

တခါက၊ တောရွာတရွာမှ မိန်းမကြီးနှစ်ယောက်က အသက် (၁၈) နှစ်အရွယ်ခန့် ကျောင်းဆရာမလေးတဦးကို ကြည့်ပြီး၊ “ဒီခလေးမလေးက တော်လိုက်တာဟယ်၊ ငယ်ငယ်လေးနဲ့ ဆရာဖြစ်တောင် ရနေပြီ” ဟု ချီးမွမ်းသည်ကို ကျနော် တွေ့ခဲ့ဖူးပါသည်။
သူတို့ပြောသော “ဆရာဖြစ်”ဟူသော စကားကြောင့် မြန်မာ့ရိုးရာ သိုင်း၊ ဗန် တို ဆရာများ ပြောသော “ဆရာဖြစ်”ပေးခြင်းကို ကျနော် သတိရမိပါသည်။ သိုင်း၊ ဗန်တို သင်တန်းသားများသည် “ဆရာဖြစ်”မရဘဲ၊ သူတပါးကို သင်ပေးခြင်းမပြုရဟု သစ္စာဆိုရကြောင်း ကြားဖူးခဲ့ပါသည်။ ဆရာဖြစ်သူက ပညာကုန် သင်ပေးပြီး၊ “ဆရာဖြစ်” အဆင့် ပေးမှသာ ဆရာဖြစ်သည်ဟု ဆိုပါသည်။ အဓိပ္ပါယ်မှာ သင်ယူစရာ ပညာကုန်ပြီဟူ၍ ဖြစ်ပါသည်။

ကျနော် တွေ့ရှိရသလောက် ပြောရလျှင် (စစ်တမ်းကောက်ယူခြင်းမဟုတ်သဖြင့် ပကတိအဖြစ်မှန်နှင့် လွဲချော်ကောင်း လွဲချော်နေပါမည်) ကျောင်းဆရာ အတော်များများသည် ပညာရေးကောလိပ် (ယခင် ဆရာအတတ်သင် ကျောင်းနှင့် ဆရာအတတ်သင်သိပ္ပံ)၊ ပညာရေးတက္ကသိုလ်၊ နယ်မြေအလိုက် ပေးသော ဆရာဖြစ်သင်တန်းတို့ မှာ တက်ပြီးလျှင်၊ သို့မဟုတ် ဆွဲခန့်ဆရာအဖြစ် ခန့်အပ်ခံရပြီးလျှင်၊ အထက်မှာ ဆိုခဲ့သည့် စကားအတိုင်း “ဆရာဖြစ်” ရပြီးပြီဟု အထင်ရောက်နေသလား မသိပါ။
စာအုပ်၊ စာပေ ဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကို မလုပ်သူက များပါသည်။ ဘဝရပ်တည်ရေးအတွက် ကုန်းရုန်း ကြိုးပမ်းနေရ၍ ဤသို့မလုပ်နိုင်ခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ သို့ရာတွင် ပညာပေးနေရသူများ ဖြစ်သည်ကတကြောင်း၊ မိမိဘဝအတွက် ကျယ်ပြန့်သော အသိအမြင်ရရှိရေးအတွက် တကြောင်းကြောင့် ပညာကို ရသည့်နည်းဖြင့် ဆက်လက် ဆည်းပူးလေ့လာနေဖို့ လိုသည်ကတော့ အမှန်ပင် ဖြစ်ပါသည်။

ကျနော် အထက်တန်း ကျောင်းသားဘဝက ကျနော်တို့၏ ဆရာဖြစ်ခဲ့ပြီး၊ နောင် နှစ်အတော်ကြာပြီးနောက်မှာ ဆရာအတတ်သင် သိပ္ပံတခု၌ ကထိကဖြစ်နေသော ဆရာသမားတဦးနှင့် ပြန်ဆုံဖြစ်ခဲ့ပါသည်။
ဆရာအအတတ်သင် သိပ္ပံအကြောင်း ပြောရင်း၊ ကျောင်းဆရာများထဲတွင် စာပေလေ့လာ ဖတ်ရှုသူနည်းကြောင်း ကျနော်ပြောမိရာ၊ ဆရာက “ကျောင်းဆရာတွေအကြောင်း ငါသိတာပေါ့ကွာ၊ စာဖတ်ကြတာမဟုတ်ဖူးကွ”ဟု ဆိုပါသည်။ သူဆိုလိုသည်မှာ ကျောင်းဆရာများထဲတွင် စာပေလေ့လာ ဖတ်ရှုသော အလေ့အကျင့် ရှိသူနည်းကြောင်းပင် ဖြစ်ပါသည်။

ပိုဆိုးသည်မှာ အပြောကျယ်လှသော စာအုပ်၊ စာပေကို မဆိုထားနှင့် မိမိသင်ကြားပေးနေရသော ဘာသာရပ်ကို ပင်လျှင် ကျယ်ကျယ်ပြန့်ပြန့် ပိုင်ပိုင်နိုင်နိုင် သိနားလည်အောင် လေ့လာမှုမရှိကြခြင်းပင် ဖြစ်သည်။
ကျောင်းနေဖက် တဦးဖြစ်ခဲ့သူ အလယ်တန်းပြ ဆရာမတဦးနှင့် တခါဆုံမိခဲ့ရာ ဘယ်အတန်း၊ ဘယ်ဘာသာရပ်ကို သင်သလဲဟု ကျနော် မေးမိသည်။ သူက “ငါ လာမယ့်နှစ်မှာ (၇) တန်းအင်္ဂလိပ်စာ သင်မယ်။ အင်္ဂလိပ်စာသင်တာ ကိုယ် တတ်ထားတဲ့ အင်္ဂလိပ်စာတွေ မမေ့အောင်လို့လေ”ဟု ပြန်ဖြေပါသည်။ “ဒါဆိုရင် ခင်ဗျား (၇) တန်း အင်္ဂလိပ် စာတော့ ကြေမှာပေါ့”ဟု ကျနော် ပြန်ပြောမိခဲ့ပါသည်။

မိမိသင်ကြားရသော အတန်း၏ စာကိုပင် မကြေညက်၊ မပိုင်နိုင်သော ဆရာ၊ ဆရာမများကို တွေ့ဖူးခဲ့ပါသည်။ မိမိကိုယ် မိမိ “ဆရာဖြစ်”ရပြီဟု ထင်တလုံးနှင့် မိမိသင်ကြားပေးရသော ဘာသာရပ်နှင့် ပတ်သက်၍ ဆက်လက် လေ့လာမှု မပြုသူများ ဖြစ်သည်။
မြန်မာစာသင်ပြသူ ဆရာ၊ ဆရာမ ဖြစ်ပါလျက် မြန်မာစာ အရေးအသား၊ မြန်မာစာ ဝေါဟာရများနှင့်ပတ်သက်၍ ကျောင်းသားများ ကျေနပ်လက်ခံနိုင်လောက်အောင် ရှင်းလင်းမပြနိုင်သူများ၊ အင်္ဂလိပ်စာ သင်ပြသော ဆရာ၊ ဆရာမများ ဖြစ်ပါလျက် ကျောင်းဖတ်စာအုပ်ထဲမှ အင်္ဂလိပ်စာလောက်ကိုပင်လျှင် ပိုင်ပိုင်နိုင်နိုင်မရှိသူများကို ကျနော်တွေ့ခဲ့ဖူးပါသည်။

ပညာရေးဘွဲ့အပြင်၊ နိုင်ငံခြားဘာသာသင်တက္ကသိုလ်မှ အင်္ဂလိပ်စာ ဒီပလိုမာဘွဲ့ရထားသော အင်္ဂလိပ်စာ ဆရာတဦးထံသို့ တခါက ကျနော်သွားခဲ့ရာ သူစာသင်နေခိုက်ဖြစ်နေသဖြင့်၊ ကျနော်က စာသင်ခန်းအပြင်မှာ ရပ်စောင့် နေခဲ့သည်။ ကျနော့်ကို မြင်တော့ (ကျနော်နှင့်လည်း အလွန်ရင်းနှီးသဖြင့်)၊ စာသင်နေရင်းက သူသင်နေသော အင်္ဂလိပ်စာ သင်ခန်းစာထဲမှ အင်္ဂလိပ်စာလုံးတလုံး၏ အဓိပ္ပါယ်ကို ကျနော့်အား လှမ်းမေးပါသည်။ မိမိ မသိသည်ကို ဝန်ခံရဲသော သူ၏ရိုးသာမှုကို ကျနော် အသိအမှတ်ပြုပါသော်လည်း အင်္ဂလိပ်စာတိုးတက်အောင် ဆက်လက် လေ့လာဖို့နေနေသာသာ အဘိဓာန် လှန်ကြည့်ရမည့် အလုပ်ကိုပင် ပျက်ကွက်ခဲ့သော သူ၏ ပေါ့ဆမှုကတော့ ခွင့်မလွှတ်နိုင်စရာ ဖြစ်ပါသည်။

သို့ရာတွင် ကျောင်းဆရာသည် မိမိသင်ရသော အတန်း၏ ဘာသာရပ်နှင့်ပတ်သက်၍ ဆက်လက်ဆည်းပူးလေ့လာရုံနှင့် မလုံလောက်ပါ။ အကြောင်းမှာ မိမိတပည့်များအား ကျောင်းသင်ဘာသာရပ်များကိုသာမက အသိအမြင်၊ အတွေးအခေါ်၊ စာရိတ္တပညာများကိုပါ သင်ကြားပေးရန်တာဝန်ရှိသောကြောင့် ဖြစ်ပါသည်။
ကျောင်းမှာသင်သော ဘာသာရပ်များနှင့် ပတ်သက်၍ “ဆရာဖြစ်”ပေး၍ မရသည့်နည်းတူပင်၊ အသိအမြင်၊ အတွေးအခေါ်များ နှင့် ပတ်သက်၍လည်း “ဆရာဖြစ်”ပေး၍ မရနိုင်ပါ။
လူ့လောကကြီး အစဉ်တိုးတက်ပြောင်းလဲနေသည်နှင့်အမျှ အတတ်ပညာများသာမက အသိအမြင်တို့သည်လည်း တပါတည်း တိုးတက် ပြောင်းလဲနေသည်သာ ဖြစ်ပါသည်။ သို့ဖြစ်ရာ ဆက်လက် ဆည်းပူးလေ့လာခြင်းမပြုပါက ကျောင်းဆရာသည် မိမိသင်ကြားပေးနေရသော ဘာသာရပ်မှာသော်လည်းကောင်း၊ အသိအမြင်မှာသော်လည်းကောင်း (ဝမ်းနည်းဖွယ်ရာ) တုံး၍ ကျန်ရစ်ခဲ့မည် ဖြစ်ပါသည်။

ကျောင်းဆရာနှင့် ပတ်သက်၍ လူအများ ပြောလေ့ရှိသော စကားတခွန်းရှိပါသည်။ “ကျောင်းဆရာ ဆိုတာ၊ ဓားသွေးကျောက် လိုပဲ။ တပည့်တွေကို သင်ပေးရင်း တပည့်တွေကသာ ထက်၊ ထက်သွားပြီး၊ ဆရာကတော့ တုံးပြီး ကျန်ရစ်ခဲ့တယ်”ဟူ၍ ဖြစ်ပါသည်။ မမှန်ပါ။ မိမိကိုမိမိ ရှင်သန်ထက်မြက်အောင် အစဉ်တစိုက် လေ့လာဆည်းပူးနေသော ဆရာများအဖို့ တုံးပြီး ကျန်ရစ်ခဲ့စရာ အကြောင်းမရှိပါ။

ဤအချက်နှင့်ပတ်သက်၍ ကျနော် အထက်တန်းကျောင်းသားဘဝက ကျနော်တို့၏ အင်္ဂလိပ်စာ ဆရာတယောက်အကြောင်းကို ကျနော် သတိရမိပါသည်။
ဆရာသည် အင်္ဂလိပ်စာ သင်ကြားရာ၌ ဂရမ်မာစာအုပ်၊ ဖတ်စာအုပ်ကိုသာ လက်ကိုင်ပြု၍ သင်ကြားသော ဆရာမဟုတ်ချေ။ အင်္ဂလိပ်စာ ဝေါဟာရများအကြောင်း၊ ဝါကျ တည်ဆောက်ပုံအကြောင်းတို့ကို ရှင်းပြရာ၌ သူဖတ်ထားသော စာအုပ်များကို ရည်ညွှန်းပြီး၊ သာဓကများ ထုတ်ပြလေ့ရှိရာ၊ ဆရာ၏ သင်ကြားပြသမှုများသည် အမြဲရှင်သန်နေခဲ့သည်။ ဆရာသည် အင်္ဂလိပ် ဝေါဟာရများအကြောင်းကို အမြဲလိုလိုပင် ကြွယ်ဝစွာ ရှင်းပြနိုင်ခဲ့သည်။
ကျနော်တို့ (၉) တန်း(၁၀) တန်း ရောက်ချိန်က အင်္ဂလိပ်စာပြ ဆရာပေါက်စ ဖြစ်ခဲ့သာဆရာသည် နောက်ပိုင်းမှာ ကျောင်း၏ တက္ကသိုလ်ဝင်တန်းအတွက် အားအထားရဆုံး အင်္ဂလိပ်စာပြ ဆရာအဖြစ် တလျှောက်လုံး အင်္ဂလိပ်စာ သင်ပြပေးရပါသည်။ ကျောင်းထွက်ပြီးနောက်ပိုင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်များကို ကျနော်တို့တတွေ ဖတ်ရှုရာ၌ပင် အခက်အခဲရှိလျှင် ဆရာ့ထံ သွားရောက်ပြီး မေးမြန်းခဲ့ကြရပါသည်။ ဆရာသည် မိမိကိုယ်မိမိ အစဉ် “သွေး”နေသူဖြစ်ရာ အစဉ် “ထက်”၍ နေပါသည်။

ကျနော် တွေ့ခဲ့ဖူးသမျှ ကျောင်းဆရာများထဲက အသိအမြင် အတုံးမခံဘဲ၊ စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်းအားဖြင့် မိမိကိုယ်မိမိ ရှင်သန်အောင်ကြိုးစားသော ဆရာတယောက်မှာ အလယ်တန်းပြဆရာတဦး ဖြစ်သည်။ သူက သမိုင်းဘာသာ သင်သည်။ သူ သမိုင်းသင်လျှင် ဖတ်စာအုပ်ထဲက အကြောင်းအရာ၊ အချက်အလက်တို့ကို အကျဉ်းချုပ်မျှ ပြောပြပြီးလျှင်၊ သင်ခန်းစာနှင့် ဆက်စပ်နေသော အကြောင်းအရာများကို မမောနိုင်၊ မပန်းနိုင် ပြောပြသည်။
“ဖတ်စာအုပ်ထဲက အချက်တွေကို ဆရာ ပြန်ပြောမပြတော့ဘူး။ မင်းတို့ ကျက်မှတ်ထားကြပေါ့။ ခု ဆရာ ပြောပြနေတာတွေက စာအုပ်ထဲမှာ မပါတဲ့ အကြောင်းအရာတွေ။ ဒါတွေဟာ မင်းတို့အတွက် မှတ်သားစရာတွေပဲ” ဟုဆိုပါသည်။

ကျနော် ကျောင်းထွက်ပြီးနောက်ပိုင်း၊ အစိုးရဆန့်ကျင်ရေးသမားတဦး ဖြစ်လာချိန်၌ ဆရာ ပင်စင်ယူပြီးနေပြီ။ ဆရာနှင့် တွေ့သည့်အခိုက်  ဆရာ့ကို နိုင်ငံရေးအကြောင်း စ,ပေးတော့၊ (မဆလ) ခေတ်၊ (မဆလ) စစ်အာဏာရှင် အကြောင်းနှင့် ပတ်သက်၍ ဆရာက သုံးသပ်ပြရာ၊ ကျနော် အံ့သြမိသည်။
ထိုစဉ်က ဧရာမ ပညာတတ်ပုဂ္ဂိုလ်ကြီးများ ဆိုသူများပင်လျှင် (ကိုယ်ကျိုးစီးပွား မျှော်မှန်းချက်ကြောင့် (မဆလ) စစ်အာဏာရှင်စနစ်ကို ရဲရဲမကြည့်မိ၍လား၊ နိုင်ငံရေးမှာ ထိုင်းအ၍လား မသိ) စစ်အစိုးရ၏ လိမ်လုံး ညာလုံးများကို နားယောင်နေကြချိန် ဖြစ်ပါသည်။ ကျနော့်ဆရာသည် အိုမင်းရင့်ရော်ကာ အငြိမ်းစားယူလိုက်ရသည့်အချိန်အထိ အသိအမြင် ရှင်သန်နေသူပါ တကားဟူ၍ ကျနော် မှတ်ချက်ချမိခဲ့ပါသည်။

ဤသို့ဆိုရသည့်တိုင် မိမိသင်ကြားရသော ဘာသာရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ မိမိ၏ အသိအမြင်နှင့် ပတ်သက်၍လည်းကောင်း၊ ဆက်လက်ရှင်သန်အောင် လေ့လာဆည်းပူးသော ကျောင်းဆရာများသည် အနည်းစုသာ ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျောင်းဆရာ အများစုသည် ကျောင်းဆရာဘဝမှာ ရှင်သန်မှု မရှိကြောင်း ဝမ်းနည်းဖွယ်ရာတွေ့ရပါသည်။

အလုပ်သမားသည် အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်၏ ကိုယ်စားလှယ်နှင့်လည်းကောင်း၊ မိမိ၏ ဘဝတူ အလုပ်သမားများ နှင့်လည်းကော်ငး နေ့စဉ် ဆက်ဆံနေရသည်။ ကုန်သည်သည် အရပ်တကာသို့ ရောက်ပြီး၊ ရောင်းသူ၊ ဝယ်သူ စားသုံးသူတို့နှင့် နေ့စဉ် ဆက်ဆံနေရသည်။ ဆရာဝန်၊ သူနာပြုတို့သည် လူနာများ၊ လူနာရှင်များနှင့် နေ့စဉ် ဆက်ဆံနေရသည်။ ထို့အတူပင် လယ်သမား၊ ရုံးလုပ်သား၊ ကုမ္ပဏီဝန်ထမ်း၊ အရောင်းအကူ၊ ကားမောင်းသမား စသည့်သူများသည် နေ့စဉ် လုပ်ငန်းများတွင် မိမိတို့လုပ်ငန်းခွင်နှင့် ဆက်စပ်ပတ်သက်ရာ ပုဂ္ဂိုလ်များနှင့် ဆက်ဆံနေရသည်။
ကျောင်းဆရာ (မူလတန်းမှ အထက်တန်းအထိ) သည် နေ့စဉ် ကလေးသူငယ်များနှင့် ဆက်ဆံနေရပြီး၊ လုပ်ခွင်သည် ကျောင်းဝင်းနှင့် စာသင်ခန်းသာ ဖြစ်သည်။ “ဆရာဖြစ်”ရပြီဟု မှတ်ယူပြီး၊ မိမိ၏ပညာရေးကို ဆက်လက်ရှင် သန်အောင် မကြိုးပမ်းပါက နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့သော ဤပတ်ဝန်းကျင်မှာ အသိအမြင် လူစဉ်မမှီသည့်အဖြစ်သို့ ရောက်သွားဖွယ် ရှိပါသည်။
မှန်သော သစ္စာစကားကို ဆိုရပါလျှင်၊ ဤသို့ အသိအမြင် လူစဉ်မမှီတော့သော ကျောင်းဆရာများကို (ဝမ်းနည်းဖွယ်ရာ) ကျနော် တွေ့ဖူးခဲ့ပါကြောင်း။  

Credit  to : ကိုမောင်မောင်လတ်

Monday, April 22, 2013

ကြာဇံချက်



  • ကြာဇံချက်

    ကြာဆံချက် ပူပူလေးပါ။ နေ့လည်အစာပြေ အဖြစ်ပဲဖြစ်ဖြစ်၊ ထမင်းနဲ့ တွဲဖက် ဟင်းချိုအဖြစ်လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်။ လုပ်ရလွယ်ပြီ စားလို့လည်း ကောင်းသည်မို့ ခုပဲ ကြာဇံချက် ပူပူလေးကို တူတူ ချက်ကြည့်ရအောင်…
    ပါဝင်ပစ္စည်းများ
  • ပဲကြာဇံ – ၁၅ကျပ်သား (၂၄၀ ဂရမ်)
  • ကြက်ရိုး – ၃၀ကျပ်သား(၄၈၀ ဂရမ်)
  • ငါးဖယ် – ၁၀ ကျပ်သား (၁၆၀ ဂရမ်) Optional
  • မှိုခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
  • ပဲခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
  • ပန်းခြောက် – ၂ကျပ်သား (၃၂ ဂရမ်)
  • ငုန်းဥ – ၁၀လုံး (ရေဖြင့် ကျက်အောင် ပြုတ်ပြီ အခွံနွှာထားပေးပါ)
  • ကြက်သွန်နီ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • နနွင်းမှုန့် -  လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီး အရောင်တင်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ
  • ကြက်သွန်နီ – ၅လုံး (ပါးပါးလှီးပါ)
  • နံနံပင် – စည်းဝက် (ပါးပါးလှီးပါ)
  • သံပရာသီး – ၄လုံး (၄စိပ်စိပ်ပါ)
  • ငါးငံပြာရည်

ပြင်ဆင်နည်း
၁။ အရင်ဆုံး ပဲကြာဇံ၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲခြောက်တို့ကို ရေဖြင့် စိမ်ထားပေးပါ။
၂။ ဒယ်အိုးထဲ ရေ(၄လီတာ)ထည့်ပြီ ကြက်ရိုးများကို ပြုတ်ထားပါ။

၃။ ရေ၃လီတာလောက်ကျန်လျှင် ကြက်ရိုးပြုတ်အိုးကို မီးပိတ်လိုက်ပြီ ကြက်ရိုးများကို ပြန်ဆယ်ကာ၊ အအေးခံပြီ ကြက်ရိုးမှ အသားများ နွှင်းပေးပါ။
၎။ ငါးဖယ်ကို (ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငရုတ်သီးမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)) တို့ဖြင့် သမအောင် နုယ်ပြီ ငါးဖယ်ကို အပြားလေးများ လုပ်ပေးကာ ဆီများများဖြင့် ကြောပေးပြီ ပါးပါးလှီးပေးပါ။
၅။ ဒယ်ထဲ ဆီထည့် ဆီပူလာမှ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသပ်ပေးပါ။

၅။ ထို့နောက် နနွင်းမှုန့်၊ အရောင်တင်မှုန့်တို့ကို ထည့်ပြီ အသားနွှင်းထားသော ကြက်သားများကို ထည့်ပေးပါ။
၆။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ ဆီပြန်လျှင်မီးပိတ်လိုက်ပါ။

ရ။ ပန်းကန်ပြားတစ်ခုထဲ ပန်းခြောက်၊ မှိုခြောက်၊ ပဲခြောက်၊ ငုန်းဥ၊ ကြက်သားချက်၊ ငါးဖယ် တို့ကို ကြာဇံချက် ချက်ရန် အသင့်ပြင်ထားပါ။

ချက်ပြုတ်နည်း
၁။ ကြက်ပြုတ်ရည်ကို ဆူအောင် ပြန်တည်ထားပါ။
၂။ ဆူလာလျှင် ကြက်သား၊ မှိုခြောက်၊ ပန်းခြောက်၊ ပဲခြောက်၊ ငါးဖယ်၊ ငုန်းဥ တို့ကို ထည့်ပြီ ၅မိန်ခန့် အဖုံးအုပ်ထားပါ။
၃။ အရသာအတွက် ငါးငံပြာရည်၊ ဆား၊ သကြား၊ တို့ကို ထည့်ပြီေ၇ာမွှေလိုက်ပါ။ အရသာ အနေတော်လျှင် မီးပိတ်လိုက်ပါ။

၎။ စောက်ပန်းကန်တစ်ခုထဲ ကြာဇံချက် လောင်းထည့် အပေါ်မှ ကြက်သွန်နီ၊ နံနံပင်၊ သံပရာသီး ညှစ်ထည့်ကာ ကြာဇံချက် ပူပူလေးကို သုံးဆောင်လို့ရပါပြီ…

မှတ်ချက် ။ ။ ကြာဇံချက်ကို ချက်ချင်း မသုံးဆောင်သေးလျှင် ကြာဇံကို ချက်တဲ့အခါ ထည့်မချက်ပဲ သက်သက်အိုးဖြင့် ပြုတ်ပြီ ဆယ်ထားပါ။ စားမှ ပန်းကန်ထဲ ကြာဇံကို ထည့်ပြီ ကြာဇံချက်အရည်ဖြင့် တွဲဖက် သုံးဆောင်ပါ။