Blogger Widgets

Wednesday, April 17, 2013

စာသင်ခန်းထဲက အကြင်နာတရား


သိန်းနိုင်

“...အဲဒီတဒင်္ဂ ခဏငယ်လေးမှာ အဲဒီလူငယ်၊ လူကြီး၊ ကလေးတွေဟာ ငြိမ်းချမ်းရေးလည်း ရနေမှာ မဟုတ်လား။..”


၂၁ ရာစု မျက်မှောက်ခေတ် ကလေးဘ၀ဟာ ပြီးခဲ့တဲ့ရာစုများနဲ့ လွန်စွာ ကွာခြားလို့ နေပြီဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းပညာရေးပုံစံတွေ ပြောင်းလဲလာနေတယ်။ ပညာရေးရဲ့ အဆင့်တိုင်းဟာ အရင်ကနဲ့ ကွာခြားလာနေတာကို တွေ့မြင်နေရတယ်။

မူကြိုကလေးဘ၀ကတည်းက ပုံစံခွက်ထဲမှာ ၀င်ရောက်ရတော့တယ်။ ကျောင်းကို ပို့ကြတယ်။ မူကြိုကျောင်းမှ မထားရင် ခေတ်မမီတော့ဘူး မဟုတ်လား။ လူနေမှု ဘ၀ပုံစံတွေလည်း ပြောင်းလဲလို့လာတယ်။ မိဘ ၂ ဦးစလုံးက အချိန်ပြည့် အလုပ်လုပ်ကိုင် နေကြရလို့ဖြစ်စေ၊ ဘ၀အစ မူကြိုပညာရေးရဲ့ ရေရှည်တန်ဖိုးကို သိမြင်လာကြလို့ဖြစ်စေ၊ ၀န်ဆောင်မှုလုပ်ငန်း အနေနဲ့ စီးပွားဖြစ်လို့ဖြစ်စေ၊ မူကြိုကျောင်းတွေလည်း မြန်မာနိုင်ငံရဲ့ မြို့ကြီး၊ မြို့ငယ်၊ ကျေးလက် ဇနပုဒ် နေရာအနှံ့အပြား၊ လမ်းတိုင်းမှာလိုလို ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွန်းလာနေပါပြီ။

မူလတန်း၊ အလယ်တန်းအဆင့်တွေမှာ ကျပြန်တော့ အားကစားဟာ မလုပ်မဖြစ်တော့ဘူး။ အစုအဖွဲ့ငယ်လေးတွေ ဖွဲ့စည်းပြီးတော့ တကယ့် အားကစားသမားကြီးတွေ စတိုင်အပြည့်နဲ့ကို ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့် တွေမှာ ပါဝင်ဆင်နွှဲနိုင်ဖို့ နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်နေကြတယ်။
ဆယ်တန်းလွန်သင်တန်းများနဲ့ ကောလိပ်ကျောင်း ၀င်ခွင့်ဆိုတာကလည်း အရင်ခေတ်တွေထက်ကို ပိုပြီးတော့ ယှဉ်ပြိုင်ရွေးချယ် ခံနေရတော့တယ်။

ဒီပြောင်းလဲခြင်းဖြစ်စဉ်တွေမှာ မိသားစုအတွင်း ဆက်ဆံရေးလည်း ပုံစံပြောင်းလဲလို့ လာခဲ့ပါပြီ။ ကလေးအနေနဲ့ကော၊ မိဘတွေကပါ အချိန်မပေးနိုင်တဲ့ ခေတ်ကို ရောက်လာနေပါပြီ။ အကျိုးဆက်အနေနဲ့ နွေးထွေးတဲ့ မိသားစုအတွင်း ဆက်ဆံရေးနဲ့ “မိသားစုအတွင်း အကြင်နာတရား” ဟာလည်း ခေတ်ဟောင်းမှာ ကျန်နေခဲ့တဲ့ အရာတစ်ခု ဖြစ်လာနေ ပါတယ်။ သို့ပေတဲ့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများကတော့ ဒီရိုးရာကတော့ဖြင့်ရင် ဘယ်သောအခါမှ မဟောင်းနွမ်း သင့်ဘူးလို့ အကြံပြု တင်ပြထားကြပါတယ်။
“အကြင်နာ ကရုဏာတရားဟာ ကျောင်းသူကျောင်းသားများရဲ့ မိမိကိုယ်ကို ယုံကြည်မှုနဲ့ ကျောင်း၊ စာသင်ခန်းတွင်း အခြေအနေကို တိုးတက်စေပါတယ်။” လို့ - အကြင်နာတရားနှင့် ပြုမူဆက်ဆံရေး ဖောင်ဒေးရှင်းအဖွဲ့ကြီး - က တင်ပြ ထားပါတယ်။ တစ်ဦးနဲ့ တစ်ဦး မေတ္တာတရားနဲ့ ဘယ်လိုပြမူ ဆက်ဆံသင့်တယ် ဆိုတာကို သင်ကြားပေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ “စာတော်တာ၊ စာမတော်တာကို အသာထား၊ အကြင်နာတရား၊ မေတ္တာတရားနဲ့ ပြုမူဆက်ဆံခြင်းဟာ ဘ၀ အရည်အသွေးနဲ့ ပညာကိုပါ တိုးတက်လာစေတယ်။ တကယ်လည်းဘဲ တော်လာကြတယ်၊ ထူးချွန်လာကြ ပါတယ်။”

မေတ္တာတရားရဲ့ ရလဒ်ဟာ ကျောင်းစာမှာ အခက်အခဲရှိနေတဲ့ ကလေးတွေကိုသာလျှင် အကျိုးရှိစေတာ မဟုတ်ပါဘူး။ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေဟာ အခက်အခဲနဲ့ စိတ်ဖိစီးမှုတွေကို ကြုံကြိုက်တဲ့ အခါတွေမှာ ကျောင်းသားတွေ နှင့် လူကြီးတွေကိုပါ အကျိုးများစေပါတယ်။ လူသားရဲ့ ပင်ကိုယ် အချင်းအရာတစ်ခုဖြစ်တဲ့ “အကြင်နာတရား” ဟာ စာနာစိတ်ကို ဖွံ့ဖြိုးစေပြီး ဘ၀တစ်လျှောက်လုံး အသုံးတည့်လှတဲ့ လူမှုဆက်ဆံရေး စွမ်းရည်ကိုလည်း ကလေးများ ရရှိ နိုင်ပါတယ်။ အမှန်တကယ်တမ်းမှာ ခင်မင်ရင်းနှီးတဲ့ သူတွေနှင့် မျက်နှာစိမ်းတဲ့သူကိုပါ အခါအားလျော်စွာ ကြင်နာစွာ ပြုမူ ဆက်ဆံစေခြင်းဟာ ကလေးများကို သူတို့ ပတ်ဝန်းကျင် ကမ္ဘာငယ်လေးရဲ့ ဘောင်အပြင်ဖက်နဲ့လည်း ထိတွေ့ ဆက်ခံခွင့် ရရှိစေတာပါ။ ဒီအခါမှာ အရောင်အသွေး စုံလင် ထွေပြားလှတဲ့ ပတ်ဝန်းကျင် ကမ္ဘာကြီးကိုပါ ဆက်ဆံပြီး သား ဖြစ်လာမယ် မဟုတ်လား။

ကျောင်းစာသင်ခန်းက ဘယ်လို စတင် လုပ်ဆောင်ပေးနိုင်ပါသလဲ။ ကြင်နာစွာ ပြုမူ လုပ်ဆောင်ဖို့ဆိုတာ သိပ်အခက် ကြီး မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ လှုံဆော်စိတ်ကို ဖြစ်ထွန်းစေနိုင်တဲ့ အခြေအနေတွေ အများကြီးပါ။ အခါ အားလျော်စွာလည်း မဟုတ်ပါဘူး။ ဒီခေတ်ကြီးမှာ မကြာမကြာ ကြားနေရတဲ့ “အခါအားလျော်စွာ နေရာအနှံ အကြမ်းဖက်မှု” ဆိုတဲ့ လုပ်ရပ်နဲ့ ဆန့်ကျင်စွာ ပေါ်ထွက်လာတဲ့ “အခါအားလျော်စွာ ကြင်နာစွာ ပြုမူဆက်ဆံမှု” လုပ်ရပ် ဖြစ်ပါတယ်။ အထူးသဖြင့် “အခါအားလျော်စွာ” ရယ်လို့ သုံးနှုန်းရတာကတော့ “မကြင်နာတတ်၊ မစာနာတတ်၊ မခံစား တတ်သေးတဲ့ သူတွေနဲ့ ပတ်သက်ပြီး ဆိုလိုတာပါ။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေ၊ ကလေးတွေအပေါ်မှာ အကြင်နာ တရားနဲ့ ပြုမူဆက်ဆံပေးဖို့ပါ။ လူစိမ်း၊ သူစိမ်းတွေဖြစ်နိုင်တယ်။ ဒါမှမဟုတ် တွေ့မြင်နေကျ ဈေးဆိုင်က ဈေးသည်တွေ၊ လမ်းဘေးလုပ်သားတွေ၊ လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာဆရာမ အချင်းအချင်း၊ အတန်းဖော် စတဲ့သူတွေလည်း ပါပါ တယ်။ အကြင်နာတရားနဲ့ စာနာစိတ် ကူးစက် ခံစားသွားစေဖို့ရယ်ပါ။
ကလေးများနှင့် ဆွေးနွေးတိုင်ပင်သင့်တယ်။ အခွင့်အလမ်းတွေ ရှာဖွေသင့်တယ်။ အသက်အရွယ်နှင့် စိတ်ပါဝင်စားမှု အလိုက် လမ်းညွှန် အကြံပေးရမှာပါ။ အံ့အားသင့်လောက်တဲ့၊ “အကြင်နာ” အကြီးကြီးတွေ၊ လုပ်ရပ်ထူးတွေရယ်လို့ မဆိုလိုပါဘူး။ တိုင်းသိ၊ ပြည်သိ ပေးကမ်းလှူဒါန်းမှုနဲ့ အကြင်နာတရားကိုလည်း မဆိုလိုပါဘူး။

“ကျေးဇူးပါ” ရယ်လို့ ရိုးရှင်းစွာ ခံစား ပြောတတ်ဖို့ကစလို့ ကလေးကိုယ်တိုင် ဖန်တီးတဲ့ ပို့စကဒ်လေးမှာ “ကျေးဇူးတင် ပါတယ် သူငယ်ချင်းရယ်” ဆိုတဲ့ စာသားလေးနဲ့ ပေးတတ်ဖို့ပါ။ ကျောင်းတွင်း အမှိုက်ပုံးဘေးမှာ ကလေးတွေက “ကျေးဇူး” ဆိုတဲ့ စာသားကပ်ထားခြင်းဟာ သန့်ရှင်းလုပ်သားကြီးတွေရဲ့ ပင်ပန်းတဲ့ အလုပ်ကိုလည်း အကူအညီပေးရာ ရောက်တယ်မဟုတ်လား။ အိမ်နီးနားချင်းရဲ့ နို့စို့ကလေးလေးကို ကူထိန်းပေးတဲ့ ကျောင်းသူငယ် လေးဟာ လူသား ၂ ဦးကို တစ်ပြိုင်တည်းမှာ ကြည်နူး ပျော်ရွှင်စေတာပါ။ မအားလပ်လောက်အောင် အလုပ်ရှုပ်နေတဲ့ မိခင်ဖြစ်သူကို ခေတ္တအနားယူခွင့်၊ ကစားဖော် အသစ်လိုနေတဲ့ ကလေးလေးကိုလည်း ကြည်နူးခွင့်တွေအတွက် ကူညီပေးလိုက်တာ။

ဆရာဆရာမများကို ကျေးဇူးတင်တတ်ဖို့၊ ကလေးအချင်းချင်း ကျေးဇူးစကားဆိုတတ်ဖို့ လေ့ကျင့်ပေးသင့်ပါတယ်။ အပြန်အလှန် အကူအညီပေးဖို့အတွက် လက်မနှေးဖို့။ မိုးရာသီမှာ မိုးကာ၊ ထီးမရှိသေးတဲ့ကလေးတွေကို အချင်းချင်း ကူညီပေးဖို့။ ရွာထဲက အိမ်အမိုးမလုံတဲ့ မိသားစုတွေကို စာနာစိတ်နဲ့ အင်ဖက်တချို့ ကမ်းလှမ်းတတ်ဖို့၊ ချော်လဲကျ သွားတဲ့ သူငယ်ချင်းကို ထူမပေးဖို့။ လှောင်ပြောင်ရယ်မောတတ်တဲ့ အခြားကလေးတွေကိုလည်း ကလေးအချင်းချင်း အဲဒီလို မလုပ်ဖို့ ပြောတတ်ဖို့၊ စာအုပ်စင်ပေါ်က စာအုပ်ကို လမ်းလှမ်းမမီ ဖြစ်နေတဲ့ ကလေးလေးကို အခြား ကလေး ကြီး တစ်ယောက်က ကူညီပေးတတ်ဖို့ စတဲ့ “အကြင်နာ” လက်ဆောင်သေးသေးလေးတွေ အမြဲတမ်း ပေးဖြစ်နေဖို့ ငယ်ရွယ်စဉ်ကတည်း လမ်းညွှန်ပေးရမှာပါ။ ကြင်နာစွာ ပြုံးပြတတ်ဖို့နဲ့ ချီးကျူးစကားတွေ ပြောဆိုတတ်ဖို့လည်း ကူညီပေးရမှာပါ။ အဲဒီတဒင်္ဂ ခဏငယ်လေးမှာ အဲဒီလူငယ်၊ လူကြီး၊ ကလေးတွေဟာ ငြိမ်းချမ်းရေးလည်း ရနေမှာ မဟုတ်လား။

ဒီကျောင်းရဲ့၊ ဒီစာသင်ခန်းအတွင်းက အရေးကြီးဆုံးသော သင်ခန်းစာတွေ မဖြစ်သင့်ဘူးလား။ ဒီအရေးကြီးလှတဲ့ သင်ရိုးညွှန်းတမ်းကို ဘယ်လို တည်ဆောက်ကြမလဲ။

သိန်းနိုင်

Tuesday, April 16, 2013

ဇာတ်တော်လာ မိန်းမပျက်အင်္ဂါ(၂၅)ချက်


၁။ လင်ယောက်ျား အရပ်တစ်ပါးသွားတာကို ချီးမွမ်းတတ်ခြင်း။
၂။ အရပ်ဝေးသွားသော လင်ယောက်ျားအား အမှတ်မရတတ်ခြင်း။
၃။ လင်ပြန်ရောက်လာသည်ကို မနှစ်သက်ခြင်း။
၎။ လင်ယောက်ျား ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုတတ်ခြင်း။
၅။ လင်ယောက်ျားအပေါ်တွင် ချီးမွမ်းစကား မပြောဆိုတတ်ခြင်း။

၆။ လင်ယောက်ျားအပေါ်တွင် အကျိုးမဲ့ကိုသာ ပြုတတ်ခြင်း။
၇။ လင်ယောက်ျားအပေါ်တွင် အကျိုးရှိသည်ကို မပြုတတ်ခြင်း။
၈။ လင်ယောက်ျားအပေါ်တွင် ပြုလုပ်ပေးရမည့်တာဝန်ကို မပြုလုပ်ပေးခြင်း။
၉။ လင်ယောက်ျားအပေါ်တွင် မပြုလုပ်ပေးသင့်တဲ့အမှုများသာ ပြုလုပ်ပေးခြင်း။
၁၀။ အ၀တ်ကို မြဲစွာဝတ်၍ အိပ်တတ်ခြင်း။

၁၁။ လင်ကို ကျောပေးအိပ်ခြင်း။
၁၂။ ကပြောင်းကပြန် အိပ်တတ်ခြင်း။
၁၃။ အသက်ရှု ကြမ်းတမ်းစွာ အိပ်တတ်ခြင်း။
၁၄။ လင်ယောက်ျား စိတ်ဆန္ဒကို ဆန့်ကျင့်ဘက်လုပ်ပြီး စိတ်ဆင်းရဲအောင် ပြုလုပ်တတ်ခြင်း။
၁၅။ ကျင်ကြီးကျင်ငယ်စွန့်ရန် ခဏခဏ သွားတတ်ခြင်း။

၁၆။ ဖောက်ပြန်သော အကျင့်ကို ကျင့်တတ်ခြင်း။
၁၇။ ကျန်းမာရေးဖောက်ပြန်ချင်ယောင် ဆောင်တတ်ခြင်း။
၁၈။ တခြားယောက်ျားအသံကို နားစွင့်ပြီး နားထောင်တတ်ခြင်း။
၁၉။ လင်ယောက်ျားရှာဖွေထားသော ပစ္စည်းဥစ္စာကို မတရားဖြုန်းတီးပစ်တတ်ခြင်း။
၂၀။ တဏှာကာမစိတ်နဲ့ အိမ်နီးချင်းယောက်ျားများကို အကျွမ်းဝင်တတ်ခြင်း။

၂၁။ အချိန်အခါမဲ့တွင် လင်ငယ်ရှာဖွေရန် လမ်းတကာသို့ ၀င်ထွက်သွားလာတတ်ခြင်း။
၂၂။ လင်ငယ်နေပြီး လင်ကြီးပေါ်တွင် ရိုသေခြင်းမရှိဘဲ မကောင်းကြံတတ်ခြင်း။
၂၃။ အိမ်တံခါးဝတွင် အမြဲလိုလို နေထိုင်တတ်ခြင်း။
၂၄။ ခန္ဓာကိုယ် အင်္ဂါကြီးငယ်တို့ကို ဖော်ပြတတ်ခြင်း။
၂၅။ အရပ်တကာ လျှောက်သွားတတ်ခြင်းတို့ ဖြစ်ပါပေတယ်။ (မဟာကုဏာလဇာတ်၊ ဇာတကပါဠိတော်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၂၁)

အိမ်ထောင်သည်ဘ၀တွင် ယောက်ျားမိန်းမနှစ်ဦးတို့ မကွဲကွာအောင် ဘယ်လိုပြုမှုနေထိုင်ရမလဲလို့ မေးထားတဲ့မေးခွန်းကို မိန်းမသားဘက်က မိန်းမပျက်အင်္ဂါများမှ ရှောင်ကြဉ်နိုင်ပြီး ယောက်ျားသားဘက်ကလည်း မိမိဇနီးမယားကို စောင့်ကြည့်ကာ သတိပေးပြင်ဆင်ပေးနိုင်ဖို့ မိန်းမသားများ ရှောင်ကြဉ်ရမဲ့ အချက်အလက်တွေကို ရေးပေးလိုက်ပါတယ်။ မကြာခင် ယောက်ျားသားများရှောင်ကြဉ်ရမဲ့ အချက်တွေလည်း တင်ပေးပါဦးမယ်။

ဒီအချက်အလက်များကို ရေးသားပေးရခြင်းမှာ မိန်းမများကလည်း မိမိတို့ ဒီအချက်တွေထဲက တော်တော်များများ ဖြစ်နေပြီဆိုရင် မိမိကိုယ်ကို မိန်းမပျက်မဖြစ်အောင် စောင့်ထိန်းနိုင်ဖို့၊ ယောက်ျားများကလည်း မိမိဇနီးမယားဟာ မိန်းမပျက် ဟုတ်မဟုတ်ကို စိစစ်တတ်ပြီး နှစ်ဦးနှစ်ဘက် အကျိုးရှိစေလိုတဲ့ စေတနာနဲ့ ရေးသားပေးလိုက်တာပါ။

မိန်းမသားများကလည်း မိန်းမပျက်ဘ၀မှ လွတ်ကင်းကြကာ ယောက်ျားသားများလည်း မိန်းမပျက်များနဲ့ ကင်းရှင်းကြပါစေလို့ ဆန္ဒပြုလျက်....။

အရှင်ကောမလ ဆန်နီနေမင်း

ဇာတ်တော်လာ ကြောက်စရာကောင်းသော ယောက်ျားမာယာများ


ဘာဖြစ်လို့ ကြောက်စရာကောင်းတဲ့ ယောက်ျားမာယာလို့ အမည်ပေးရသလဲဆိုတော့ မွေးကင်းစကလေးငယ်ကနေ ဘုံ(၇)ဆင့်၊ တိုက်အပေါ်ဆုံးထပ်မှာ ဘယ်ယောက်ျားလေးမှ မတွေ့မမြင်ဖူးအောင် ထိန်းသိမ်းထားတဲ့ မိန်းကလေးကို ဖျက်ဆီးဖို့ရန် ကြံစည်နိုင်တဲ့ ယောက်ျားတို့ရဲ့ မာယာဟာ ပေါ့သေးသေးမဟုတ်တာကြောင့် ကြောက်စရာကောင်းတဲ့ ယောက်ျားမာယာလို့ အမည်ပေးလိုက်တာပါ။ ဒီလို မာယာရှိတဲ့ ယောက်ျားများ ကမ္ဘာပေါ်တွင် ရှိနေတယ်ဆိုတာကို မိန်းကလေးများသိရှိပြီး သတိထားရှောင်ကြဉ်နိုင်စေရန် ရေးသားတင်ပြပေးလိုက်တာပါ။

ယောက်ျားလေးတွေအကြောင်း မရေးလို့လည်း မဖြစ်ပြန်ပြန်ဘူးလေ။ မနေ့က မိန်းမပျက်အင်္ဂါ(၂၅)ချက်ကို ဇာတ်တော်ထဲမှ ကောက်နှုတ်တင်ပြပေးခဲ့ရာ ယောက်ျားသားများမှ မိန်းမသားများအတွက် ရှောင်ကြဉ်စရာရေးပြီးရင် မိန်းမသားများအနေနဲ့လည်း ဘယ်လိုယောက်ျားသားများကို ရှောင်ကြဉ်ရမလဲဆိုတဲ့ အချက်အလက်တွေ ရှာဖွေရေးသားတင်ပြပေးပါဦးဆိုလို့ ခုလို ရေးသားတင်ပြပေးလိုက်တာပါ။

ဘယ်လိုကြောက်စရာကောင်းတဲ့ မာယာတွေလဲဆိုတာသိရအောင် ဇာတ်တော်ကို အကျဉ်းချုပ်ရေးသားပေးပါမယ်။ ဒီဇာတ်လမ်းလေးကို ပြီးဆုံးအောင်ဖတ်ကြည့်ရင် သိရပါလိမ့်မယ်။

တစ်ခါက ရှင်ဘုရင်နဲ့ပုဏ္ဏားကြီးတို့ဟာ မိတ်ဆွေတွေမို့ နှစ်ဦးဆုံတဲ့အခါ ကြွေအန်ကစားလေ့ ရှိကြပါတယ်။ အဲဒီလို ကစားတဲ့အခါ ပုဏ္ဏားကြီးက သူ့အိမ်မှာ မွေးစားထားတဲ့မိန်းကလေးဟာ ဘယ်သူနဲ့မှ မတွေ့မထိဖူး။ ဖောက်ပြန်ခြင်းမရှိဘူးဆိုပြီး ရွတ်ဆိုကာ အန်စာတုံးပစ်ကစားတယ်။ အဲဒီစကားဟာ မှန်ကန်နေတာမို့ ပုဏ္ဏားကြီးက အမြဲနိုင်ပြီး မင်းကြီး အမြဲရှုံးလေတယ်။

ဒါနဲ့ မင်းကြီးက ပုဏ္ဏားအိမ်မှာ ဘယ်ယောက်ျားလေးမှ မတွေ့မမြင်ဖူး၊ မတွေ့ထိဖူးတဲ့မိန်းကလေး ရှိမရှိကို စုံးစမ်းခိုင်းရာ ကလေးငယ်ဘ၀တည်းက ဘုံ(၇)ဆင့်တိုက်ပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မိန်းကလေးတစ်ယောက် ပုဏ္ဏားကြီးမှာရှိတယ်လို့ သိရတာနဲ့ မင်းကြီးက အရက်သေစာသောက်စားတဲ့ လူတစ်ယောက်ကိုခေါ်ပြီး သင်ဟာ ပုဏ္ဏားကြီးအိမ်က အမျိုးသမီးကို ဖျက်ဆီးပေးနိုင်မလား။ ပေးနိုင်ရင် ငွေပေးမယ်ပြောတော့ အရက်သမားက ရတယ်၊ မပူနဲ့၊ သူမာယာသုံးပြီး ဖျက်ဆီးနိုင်အောင် ကြိုးစားမယ်လို့ပြောပြီး မင်းကြီးဆီက ငွေယူခဲ့လေတယ်။

အရက်သမားဟာ ပုဏ္ဏားကြီးအိမ်ရဲ့ အခြေအနေကိုလေ့လာကြည့်တဲ့အခါ ဘုံ(၇)ဆင့်စလုံးရဲ့ တံခါးမုခ်တိုင်းတွင် မိန်းမအစောင့်အရှောက်များသာထားပြီး ယောက်ျားဆိုရင် အနားမကပ်ရအောင် ပြုလုပ်ထားတာကို တွေ့ရတယ်။ အမှိုက်သွန်လှည်းကိုပင် အ၀င်အထွက်စစ်ဆေးတယ်။ ပုဏ္ဏားကြီးအိမ်က မိန်းကလေးရဲ့ အထိန်းတော်ကြီးတစ်ယောက်သာ ပန်းနံ့သာများဝယ်ရန် နေ့စဉ်အပြင်ထွက်ရတယ်။ ဒါနဲ့ အရက်သမားလည်း ဘယ်ရမလဲ၊ ယောက်ျားမာယာသုံးမယ်ဆိုပြီး ပုဏ္ဏားကြီးအိမ်အနီး လမ်းမတွင် ပန်းနံ့သာဆိုင်ကြီးတစ်ဆိုင်ကို ခမ်းနားစွာဖွင့်ထားလိုက်တယ်။

နေ့စဉ် အပြင်ထွက်ဈေးဝယ်ရတဲ့ အထိန်းတော်ကြီးဟာ ပန်းနံ့သာဆိုင်အသစ် ခမ်းခမ်းနားနားတွေ့ရတော့ စိတ်ဝင်စားပြီး လေ့လာကြည့်တဲ့အခါ ဆိုင်ရှင်အရက်သမားလည်း အထိန်းတော်မိန်းမကြီးကိုမြင်တာနဲ့ ခြေရင်းတွင်လှဲပြီး ခြေထောက်ဖက်ပြီး အမေရယ် ဒီလောက်ကြာအောင် ဘယ်သွားနေလဲ အမေ့ကိုရှာလိုက်ရတာ ကြာလှပါပြီလို့ပြောရင်း ငိုနေပါတော့တယ်။ အရက်သမား စီစဉ်ထားတဲ့အတိုင်း နဘေးကလူတွေကလည်း အထိန်းတော်ကြီးကြားအောင် သားအမိဆိုတာ ဟုတ်မှာပဲ၊ မျက်နှာချင်းကလည်း ဆင်လိုက်တာလို့ပြောပြီး နဘေးကနေ တွန့်ပေးကြတယ်။ အဲဒီလို ဘေးက၀ိုင်းပြောပေးမှုကြောင့် အထိန်းတော်ကြီးဟာ မိခင်ပျောက်တဲ့ သားတစ်ယောက်လို့ ထင်မြင်လာပြီး သူပါရောငိုမိနေလေရဲ့။

ဒီလိုနဲ့ အရက်သမားနဲ့အထိန်းတော်ကြီးတို့ဟာ သားအမိလိုဖြစ်သွားကြတဲ့အခါ အရက်သမားက အထိန်းတော်ကြီးကို နန်းတော်တွင်းသာ သုံးဆောင်နိုင်တဲ့ အလွန်လှပတဲ့ ပန်းနံ့သာအမွေးအကြိုင်တွေ အခမဲ့ပေးပြီး စည်းရုံးလေတော့တယ်။

အထိန်းတော်ကြီးက အဖိုးတန်တဲ့ပန်းတွေ အများကြီးယူလာတော့ ပုဏ္ဏားကြီးရဲ့ မိန်းကလေးက ဒီပန်းတွေ ဘယ်ကရတာလဲလို့ မေးတဲ့အခါ ငါ့သား ပေးလိုက်တာ။ ဒါနဲ့ မိန်းကလေးက အမေ့သား ဘယ်အရွယ်လောက်ရှိပြီလဲလို့မေးတော့ သမီးနဲ့ရွယ်တူလောက်ပဲ၊ လူချော လူခန့်ကြီးလို့ ဖြေလိုက်တယ်။ ပုဏ္ဏားအဘိုးကြီးမှလွဲပြီး တခြားယောက်ျားလေး မမြင်ဖူးရှာတဲ့ မိန်းကလေးဟာ ရွယ်တူယောက်ျားလေး၊ ခန့်ချောကြီးလည်းပြောလိုက်ရော စိတ်ဝင်စားသွားလေတယ်။

အဲဒီအချိန်ကစပြီး မိန်းကလေးဟာ လူချောလူခန့်ကြီးဆိုတာကို စဉ်းစားကြည့်နေမိတယ်။ အရက်သမားကလည်း မိန်းကလေးအခြေအန ဘယ်လိုရှိလဲဆိုတာကို အထိန်းတော်ကြီး မေးတဲ့အခါ မိန်းကလေးက လှတယ်။ ကိန္နရီလေးလိုပဲ။ အထိန်းတော်ကြီးလည်း အရက်သမားက နေ့စဉ် မိန်းကလေးအကြောင်းမေးတာကို သတိထားမိပြီး စိတ်ဝင်စားနေမှန်းသိတဲ့အတွက် အဲဒီမိန်းကလေးကို တွေ့ရဖို့တောင် မလွယ်ကြောင်း ပြောပြပါတယ်။ ဒါနဲ့ အရက်သမားလည်း ရိုးရိုးနည်းနဲ့မရရင် ယောက်ျားမာယာ နောက်တစ်နည်းသုံးမယ်ဆိုပြီး ဆိုင်မဖွင့်ဘဲ နေလိုက်တယ်။

အထိန်းတော်ကြီး ပန်းလာယူတဲ့အခါ အရက်သမား ဘယ်သွားလို့ ဆိုင်မဖွင့်တာလဲ။ ဘာဖြစ်နေလို့လဲလို့ စုံးစမ်းကြည့်လိုက်တော့ နေမကောင်းမှန်းလည်းသိရော အရက်သမားထံ သွားမေးလေတယ်။ အရက်သမားက အထိန်းတော်ကြီးကို အကျွန်ုပ် မိန်းကလေးရဲ့ အလှအပကိုသာကြားရပြီး မမြင်တွေ့ရရင် သေရပါတော့မယ်။ အဲဒါကြောင့် အမေဖြစ်သူ အထိန်းတော်ကြီး ကူညီပေးပါဆိုပြီး မာယာအကုန်သုံးကာ ပြောပါလေတော့တယ်။

အထိန်းတော်ကြီးလည်း မနေနိုင်တော့တဲ့အဆုံး ကူညီပေးမယ်ပြောပြီး အရက်သမားကို အမှိုက်တွန်းလှည့်တွင်ထည့်ကာ အပေါ်မှ ပန်းများနဲ့ဖုံးပြီး မိန်းကလေးအဆောင်တွင်း ခေါ်ဆောင်ပေးလိုက်တယ်။ မိန်းကလေးလည်း အခန်းတွင်းမှာရောက်လာတဲ့ အရက်သမားကိုတွေ့တဲ့အခါ သက်တူရွယ်တူချင်းမို့ ချစ်ခင်မိသွားရှာတယ်။ သူတို့နှစ်ယောက်ဟာ ပုဏ္ဏားကြီးလာရင် အရက်သမားက ပုန်းနေပြီး ကျန်တဲ့ချိန်မှာ နှစ်ယောက်သား အကြည့်စိုက်နေလေရဲ့။

နှစ်ရက်သုံးရက်အတူနေပြီးတော့ မိန်းကလေးက အရက်သမားကို ပြန်ဖို့သင့်ပြီလို့ ပြောတဲ့အခါ ပုဏ္ဏားကို တံတောင်နဲ့ထောင်းပြီးမှ ပြန်မယ်လို့ ယောက်ျားဖြစ်ပေမဲ့ မာယာသုံးပြီး ကနွဲ့ကလျပြောတာနဲ့ မိန်းကလေးလည်း စီစဉ်ပေးမယ်လို့ ကတိပေးလိုက်တယ်။ ပုဏ္ဏားကြီး မိန်းကလေးအခန်းဝင်လာတဲ့အခါ မိန်းကလေးက စောင်းတီးပေးပါ၊ ကချင်တယ်လို့ပြောတာနဲ့ ပုဏ္ဏားကြီးက ကောင်းပြီ တီးပေးမယ်ဆိုပြီး စောင်းတီးပေးနေလေတယ်။ ဒါတင်မကဘဲ မိန်းကလေးက သူကတာကို ပုဏ္ဏားကြီးမြင်မှာ ရှက်တယ်။ တစ်ယောက်တည်း ကချင်တယ်ဆိုပြီး ပုဏ္ဏားကြီးမျက်နှာကို အ၀တ်စည်းထားလိုက်တယ်။

မိန်းကလေးက ပုဏ္ဏားကြီးအနား မထိတထိ ကတဲ့အခါ ပုဏ္ဏားကြီးခများ ပျော်နေရှာတယ်။ မိန်းကလေးက ပုဏ္ဏားကြီးရဲ့ နဖူးပြောင်ပြောင်ကြီးကို တံတောင်နဲ့ထောင်းချင်လိုက်တာ၊ အူယားနေတာပဲလို့ ပြောတဲ့အခါ ပုဏ္ဏားကြီးက ထောင်းစေဗျာ၊ ထောင်းစေဗျာလို့ ပြောရှာလေတယ်။ ဒါဆို ထောင်းမယ်နော်လို့ပြောပြီး ပုန်းနေတဲ့ အရက်သမားကို ခေါ်လိုက်တဲ့အခါ အရက်သမားက ပုဏ္ဏားကြီးနောက်ကျောမှရပ်ပြီး ဦးခေါင်းကို တံတောင်နဲ့ တအားထောင်းလိုက်တယ်။ ပုဏ္ဏားကြီးမှာ နာလွန်းလို့ ‘’အားခနဲ’’နဲ့ ဖြစ်သွားတယ်။ ဒါနဲ့ ဒီလက်ဟာ မိန်းကလေးလက် မဟုတ်ပါဘူးလို့ ပြောတဲ့အခါ မိန်းကလေးက ဟုတ်ပါတယ်။ ဒီမှာကြည့်ဆိုပြီး လက်ကို ထိုးပေးလိုက်တယ်။ ပုဏ္ဏားကြီးက ဟုတ်ပါရဲ့၊ လက်ကလေးက နု့ညံ့လိုက်တာ။ ထောင်းလိုက်တော့လည်း နာလိုက်တာနော်ဆိုပြီး ဖြစ်နေရှာလေရဲ့။

အရက်သမားလည်း မိန်းကလေးကို ဖျက်ဆီးပြီးပြီဆိုတဲ့အကြောင်း ရှင်ဘုရင်ကို အကြောင်းကြားလိုက်တယ်။ ဒါနဲ့ ရှင်ဘုရင်နဲ့ပုဏ္ဏားကြီးတို့ ကြွေအန်ကစားတဲ့အခါ ပုဏ္ဏားကြီး အရင်လိုရွတ်ဆိုပေမဲ့ မှန်ကန်တဲ့စကား မဟုတ်တော့တာကြောင့် ရှုံးလေတော့တယ်။

ဒါကတော့ ယောက်ျားတွေဟာ သူတို့လိုချင်တာ၊ ဖြစ်ချင်တာဆို မရ, ရအောင်ယူမယ်ဆိုပြီး တရားတာ၊ မတရားတာ နားမလည်ဘဲ မာယာသုံးပြီး ယူလေ့ရှိတယ်ဆိုတာကို သိထားဖို့ရန်အတွက် ဇာတ်တော်ထဲကနေ ကောက်နှုက်တင်ပြပေးလိုက်တာပါ။ ဇာတ်တော်အကျယ်ကို ဖတ်ချင်တယ်ဆိုရင်တော့ (အဏ္ဍဘူတဇာတ်၊ ဇာတကအဋ္ဌကထာ၊ ပထမအုပ်၊ စာမျက်နှာ(၃၀၈)တွင် ဖတ်ရှု့နိုင်ပါတယ်။

ယခုဖော်ပြခဲ့တဲ့ ယောက်ျားမာယာကို သဘောပေါက်နားလည်မယ်ဆိုရင် ကျန်တဲ့မာယာများကိုလည်း နည်းယူပြီး နားလည်စွာနဲ့ လူမိုက်ယောက်ျားများ ဖျက်ဆီးမှဘေးကနေ မိန်းကလေးများ ရှောင်ကြဉ်နိုင်လိမ့်မယ် ထင်ပါတယ်။

အရှင်ကောမလ ဆန်နီနေမင်း

မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သော သံဃာတော်များ လူထွက်ရခြင်းအကြောင်း(၄)ချက်


အရှင်ဘုရား သံဃာတော်တွေ လူထွက်သွားကြတာ ဘာကြောင့်ပါလဲလို့ ခဏခဏ လာမေးနေကြတဲ့သူတွေအတွက် မြတ်ဗုဒ္ဓမိန့်တော်မူခဲ့တာကို ဦးဇင်းဒေါက်တာကျမ်းစာအတွက် ရဟန်းတော်များနဲ့ဆိုင်ရာ ရှာဖွေရင်း ကျမ်းအထောက်အထားပါ တွေ့ရှိတာနဲ့ ရေးသားပေးလိုက်ပါတယ်။

၁။ ရဟန်းနဲ့ဆိုင်ရာများ ဆိုဆုံးမသည်ကို မလိုက်နာနိုင်သောကြောင့်လည်းကောင်း၊
၂။ စားချင်၊ ၀တ်ချင်၊ သုံးဆောင်ချင်တာများမရဘဲ မစားချင်၊ မ၀တ်ချင်၊ မသုံးဆောင်ချင်တာများ သုံးဆောင်ရလို့လည်းကောင်း။
၃။ သူများ ကာမဂုဏ်ငါးပါးခံစားသည်ကိုမြင်ပြီး ခံစားချင်စိတ်ဖြစ်သောကြောင့်လည်းကောင်း၊
၎။ လုံခြုံစွာ ၀တ်ဆင်မထားသော မိန်းမတွေမြင်ပြီး ကာမစိတ် မထိန်းနိုင်လို့လည်းကောင်း သာသနာဘောင်မှ လူ့ဘောင်သို့ ကူးပြောင်းသွားကြရခြင်း ဖြစ်ပေသည်။ (မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ဘိက္ခုဝဂ်၊ စာတုမသုတ်၊ (မ၊ ၂၊ ၁၁၉)

မြတ်ဗုဒ္ဓလက်ထက်ကတောင် ဒီအချက်တွေကြောင့် လူထွက်ကြတယ်ဆိုတော့ ဒီဘက်ခေတ်မှာ စောင့်ထိန်းဖို့ ခက်လာတဲ့ ရဟန်းစည်းကမ်းတွေကလည်း ရှိနေ၊ စားစရာကလည်း မျိုးစုံ၊ ၀တ်ချင်စရာကလည်း မျိုးစုံ၊ သုံးဆောင်ချင်စရာ ပစ္စည်းတွေကလည်း မျိုးစုံဖြစ်နေ၊ ကာမဂုဏ်ခံစားမှုတွေနဲ့ပတ်သတ်ပြီးတော့လည်း ဖြစ်ပျက်နေတာတွေက နေရာတကာမှာ မျိုးစုံဖြစ်နေ၊ လုံခြုံစွာ ၀တ်ဆင်မထားတဲ့ မိန်းမတွေက ပေါများနေတဲ့ခေတ်ဆိုတော့ သာသနာဘောင်ဝင်ရောက်မဲ့လူ နည်းလာနေတာ အမှန်ပါ။

ဒါပြင် အဆိုးဆုံက သာသနာဘောင်ရောက်လာပြီး သာသနာထိခိုက်အောင် လုပ်နေတဲ့သူတွေကလည်း ရှိနေပြန်တယ်။ သာသနာဘောင်မှာ ကောင်းကောင်းမွန်မွန် နေနိုင်တဲ့သူတွေကျပြန်တော့လည်း အထက်ပါ(၄)ချက်ထဲက တစ်ချက်ချက်ကြောင့် လူထွက်သွားကြပြန်ရော။ အဲဒီတော့ သာသနာဘောင်ရှိနေတဲ့ သံဃာများအနေနဲ့ မြတ်ဗုဒ္ဓတည်ထောင်ခဲ့တဲ့ သာသနာ ယုတ်လျော့မသွားဘဲ ထပ်ဆင့်တိုးပွားပြီးပဲနေအောင် မိမိစိတ်ကို ထိန်းနိုင်ပါမှ တော်ပေမည်။ ဒကာ၊ ဒကာမတွေလည်း တက်နိုင်သမျှ သာသနာအတွက် အမှန်အကန် အကျိုးများအောင် လုပ်မဲ့သံဃာတော်များကို ၀ိုင်းဝန်းကူညီစောင့်ရှောက်ပေးကြဖို့ လိုပါတယ်။ အမှန်အကန်သမားတွေမဟုတ်တာကို သွားလှူနေပြီး အမှန်အကန်သမားဖြစ်မဲ့ ကိုရင်၊ ရဟန်းလေးတွေကို လျစ်လျူရှု့ ပစ်ထားမယ်ဆိုရင်တော့ အနာဂတ်မျိုးဆက်သစ်များဟာ နံပါတ်(၂)အချက်ကြောင့်လည်း သာသနာဘောင်ကနေ လျှော့သွားနိုင်ပါတယ်။ အဲဒီတော့ ဆရာဒကာ လက်တွဲညီမှ သာသနာပြန့်ပွားမှာမို့ ဆရာဖြစ်တဲ့ သံဃာတော်တွေကလည်း မိမိစိတ်ကိုနိုင်အောင်ထိန်းပြီး ဒကာ၊ ဒကာမတွေကလည်း တက်နိုင်သမျှ ၀ိုင်းဝန်းကူညီပေးကြမှသာ မြတ်ဗုဒ္ဓ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း၊ (၄၅)နှစ်အတွင်း တစ်ရက်မှ (၂)နာရီလောက်သာ အနားယူပြီး ပင်ပန်းခံ တည်ထောင်ပေးခဲ့တဲ့ သာသနာတော်ကြီးဟာ အဓွန့်ရှည်စွာ တည်တံ့ပြီးသကာလ အမြဲထာဝစဉ် တိုးတတ်ပြန့်ပွားနေပါလိမ့်မယ်။

အရှင်ကောမလ ဆန်နီနေမင်း

အနေချောင်ရင် အသေကြပ်မယ်


ပြည်တွင်းမှာ ပညာအတော်အသင့်စုံလင်တာနဲ့ ပြည်ပထွက်ပြီး ဗဟုသုတပညာ၊ အတွေးအခေါ်ပညာ၊ ခေတ်ပညာများ သင်ကြားရန် ပြည်ပထွက်ပညာသင်ထွက်ခွါနီးမှာ ဆရာသမားဘုန်းကြီးကို ကန်တော့ခဲ့ပါတယ်။ ငယ်ဆရာလည်းဖြစ်၊ အခွင့်အခါကြုံရင် ကြုံတိုင်း သြ၀ါဒပေးလေ့ရှိတာကြောင့် ဆရာသမားရဲ့ သြ၀ါဒတွေဟာ မိမိအတွက်တော့ တကယ့်ကိုတန်ဖိုးရှိတဲ့ အရာတွေပါ။ ဆရာသမားကို ချစ်ကြောက်ရိုသေစွာနဲ့ ချဉ်းကပ်ပြီး လက်အုပ်လေးချီမိုးကာ ဦးချပြီးထိုင်နေတဲ့အချိန် ဆရာသမားပြောတဲ့ သြ၀ါဒလေးက "ငါ့တပည့် လောကမှာ ဆရာသမားဆိုတာ ကိုယ့်တပည့်မုန်းမှန်းသိသော်လည်း မုန်းမှာကြောက်လို့ ကိုယ့်တပည့်ကို မဆုံးမဘဲ သက်သောင့်သက်သာနေမယ်ဆိုရင် အဲဒါတကယ့် ဆရာသမား အစစ်မဟုတ်ဘူး၊ တကယ့် ဆရာသမားအစစ်ဆိုတာ ကိုယ့်တပည့်က မုန်းချင်မုန်းသွားပါစေ လမ်းမှားနေမယ်ဆိုရင် ဆုံးမပေးရဲရမယ်။ ဒါမှသာ ဆရာသမား အစစ်"လို့ ခေါ်တယ်။ ငါ့တပည့်ရဲ့ ဆရာသမားဟာ အဲဒီလို ဆရာသမားအစစ်ဖြစ်တယ်ဆိုတာ ငယ်စဉ်ကတည်းက ဆုံးမပေးခဲ့တာမို့ ငါ့တပည့် သိပြီးသား ဖြစ်မှာပါ။

ခု ငါ့တပည့်က နိုင်ငံရပ်ခြားမှာ ပညာသင်သွားမှာဆိုတော့ ငယ်စဉ်အခါ ပညာရှာချိန်မှာ ပညာရှာတာမို့ ဒါဟာ ကောင်းတဲ့အလုပ်ပါ။ ဒါပေမဲ့ ပညာပြည့်စုံလာလို့ တစ်ချိန်ချိန်မှာ သာသနာအတွက် ဒီထက်မက အထောက်အပံ့တွေပေးနိုင်အောင် ကိုယ်ကိုယ်တိုင် အလုပ်တွေလုပ်လာတဲ့အခါမှာ ငါ့တပည့်သိထားသင့်တာတွေကို မမေ့ဖို့ အထူးမှာချင်တယ်။ မိမိရဲ့ခန္ဓာကိုယ်ကို ငဲ့ညာပြီးတော့ ပင်ပန်းမှုတွေမခံရအောင် အေးအေးဆေးဆေး နေမယ်ဆိုရင် ငါ့တပည့်သေတဲ့အခါမှာတော့ ကြပ်လိမ့်မယ်၊ ဒါကြောင့် အသေမကြပ်အောင် အနေချောင်ချောင် မနေနဲ့လို့မှာချင်တယ်။

တချို့က မသေခင်မှာ အေးအေးဆေးဆေး နေချင်ကြတယ်။ ရလာတဲ့လူ့ဘ၀ ခဏတာလေးမှာ တွယ်တာ မက်မောပြီး ခန္ဓာကိုယ်ကို မခိုင်းချင်ကြဘူး။ ငဲ့ညှာကြတယ်၊ ဒီလိုနဲ့ဘ၀အဆုံးသတ်မယ်ဆိုရင် သေချာပေါက် အသေကြပ်လိမ့်မယ်။ လယ်တီဆရာတော်ကြီးဆိုရင် ဘ၀အဆက်ဆက်က သားကျွန်မယားကျွန်ခံခဲ့ရတာ ဘ၀တွေ များလှပြီ။ ဒီဘ၀တော့ သာသနာ့ကျွန်ခံဦးမှပဲဆိုပြီး ကျောင်းတိုက်ထဲမှာရှိတဲ့ သံဃာတော်တွေအသုံးပြုတဲ့ကုဋီကို နံနက်စောစောထကာ ရေဖြည့်ခြင်းစတဲ့ သံဃာ့ဝေယျာဝစ္စတွေပြုလုပ်ပြီး အသေမကြပ်အောင် ပြုလုပ်ပေးခဲ့တယ်။ ပညာရှိသူတော်ကောင်းကြီးများက အဲဒီလို မိမိတို့ရဲ့ခန္ဓာကိုယ်ကို အသုံးချသွားကြတာ။ ငါ့တပည့်လည်း ခန္ဓာကိုယ်ကို မညှာဖို့ သြ၀ါဒပေးလိုက်မယ်ဆိုပြီး နိုင်ငံခြားပညာသင်ထွက်ခါနီး တပည့်ရဲ့ အနာဂတ်ကိုကြိုတင်ကာ ပုံစံချထားပေးလိုက်ခြင်း ဖြစ်ပါတယ်။

သေချာပြန်စဉ်းစားကြည့်တော့ ဆရာသမားရဲ့စကားတွေဟာ မိမိဘ၀တစ်ခုလုံးကို ပဲ့ကိုင်ထိမ်းကျောင်း ပေးလိုက်ခြင်း ဖြစ်တယ်ဆိုတာ သိလိုက်ရတယ်။ အနေချောင်ရင် အသေကြပ်မည်လို့ ဆရာသမားက မိန့်ခဲ့တယ်။ ဒီလိုဆိုရင် အသေချောင်ဖို့အတွက် အနေကြပ်မှ ဖြစ်မယ်။ အနေကြပ်တယ်ဆိုတာက ကြပ်ကြပ်တည်းတည်း လူအများနဲ့ နေခြင်းမျိုးတော့  မဖြစ်နိုင်။ တရားပျောက် ကိုယ်မှာရှာ၊ တရားရှာ ကိုယ်မှာတွေ့ဆိုတဲ့ စကားအတိုင်း မိမိခန္ဓာကိုယ်ထဲက လိုချင်မှုလောဘ။ ကြမ်းတမ်းခက်ထန်မှု ဒေါသ၊ တွေဝေမိုက်မဲမှုမောဟတွေကို အနိုင်တိုက်ခိုက်နိုင်ရေးအတွက် အမြဲတစ်စေ စောင့်ကြည့်ပေးနေရမယ်။ လောဘ၊ ဒေါသ၊ မောဟတို့ ၀င်လာတာကို သိလျှင်သိခြင်း အနိုင်တိုက်ရမယ်။ တိုက်ပွဲဝင်နေတဲ့အချိန်မှာ သက်သောင့်သက်သာတော့ နေလို့ရမှာ မဟုတ်ဘူး။ ဒီလိုနေခြင်းမျိုးကို အနေကြပ်ရမယ်လို့ ဆရာသမားက ပြောခဲ့ခြင်းဖြစ်တယ်။

ဆရာသမားရဲ့ သြ၀ါဒဆိုလိုရင်းကို စဉ်းစားလိုက်တဲ့အခါ မြတ်ဗုဒ္ဓကလည်း အဲဒီလို အနေကြပ်သူမျိုးကိုမှ သာဓုခေါ်ချီးမွမ်းလေ့ရှိကြောင်း စာပေမှာ ဖတ်ရှု့ခဲ့တာကို သတိရမိလိုက်ပါတယ်။ တစ်နေ့သံဃာ့အစည်းဝေးတွင် မြတ်ဗုဒ္ဓက ငါ့ဘုရားသည် ယနေ့မှစပြီး နောက်ရက်(၄၀)ဆိုရင် ပရိနိဗ္ဗာန်ပြုတော်မူမယ်လို့ မိန့်ကြားလိုက်တဲ့အခါ ပုထုဇဉ်ဖြစ်တဲ့ရဟန်းများဟာ ၀မ်းနည်းပူဆွေး ငိုကြွေးကာ ပရိဒေ၀ဒေါမနဿမီးများ လောင်မြိုက်ခံစားကြရတယ်။ သံဃာတွေစုဝေးမိတဲ့အခါ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူတော့မယ် ငါတို့ဘယ်လိုလုပ်ကြမလဲ။ ငါတို့အားကိုရာ မိုးကောင်ကင်ကြီး ပြိုကျတော့မယ်။ ငါတို့ကို တရားရေအေး ဘယ်သူက တိုက်ကျွေးမှာလည်းစသည်ဖြင့် တစ်ပါးနဲ့တစ်ပါး ပြောကြားနေကြလေရဲ့။ အဲဒီလိုပြောနေတဲ့ သံဃာ့အစည်းအဝေးမှာ အရှင်အတ္တဒတ္တမထေရ် မပါဝင်ဘဲ အစည်းဝေးလုပ်ရင် တစ်ပါးတည်းရှောင်ထွက်သွားကာ ဘယ်သောအခါမှ အစည်းအဝေးမတက်တာကို အချင်းချင်းသံဃာတွေကလည်း အရှင်အတ္တဒတ္တမထေရ်အပေါ် တစ်မျိုးမြင်လာကြတယ်။

အရှင်အတ္တဒတ္တဟာ ငါတို့မြတ်စွာဘုရားကို ချစ်သလောက်မချစ်ဘူး၊ ငါတို့မှာတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုမယ်ဆိုလို့ ၀မ်းနည်းပူးဆွေး သောကဗျာပါဒတွေရောက်နေကြတာ သူကတော့ နေနိုင်တယ်။ သူ့ကြည့်တော့လည်း ဘယ်တော့မှဝမ်းနည်းတဲ့ အရိပ်အရောင်မတွေ့ရဘူး။ သံဃာ့အစည်းအဝေးကိုလည်း မတက်ဘူးစသည်ဖြင့်  အရှင်အတ္တဒတ္တမထေရ်အပေါ် အမြင်များ မကြည်မလင်ဖြစ်နေကြတဲ့အချိန်တွင် အရှင်အတ္တဒတ္တကား စိတ်ငြိမ်ရာအရပ်ကိုရွေးချယ်ကာ ခန္ဓာကိုယ်ကိုစောင့်ကြည့်နေလေတယ်။ "ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ်ခေါ်တဲ့ ခန္ဓာငါးပါးကို မမှီဘဲနဲ့ ငါဆိုတဲ့အတွေး မပေါ်ဘူး၊ ခန္ဓာငါးပါးဟာ လောကလူသားတွေ ငါလို့ထင်မှတ်စရာပဲ၊ ငါဆိုတဲ့အတွေးဟာ မာနအတွေး၊ ငါ့ဟာဆိုတဲ့အတွေးဟာ တဏှာအတွေးပဲလို့ ဆင်ခြင်ကြည့်နေတယ်။ ဒီရုပ်ခန္ဓာကိုယ်ကြီးဟာ ငယ်စဉ်ကနဲ့မတူတော့ဘဲ တဖြည်းဖြည်းအိုမင်းလာပြီ။ ဒါသည်ပင် ရုပ်တရားကြီးရဲ့ အမြဲမရှိခြင်း အနိစ္စပါလား၊ ဒီရုပ်တရား ရလာခြင်းဟာ ဒုက္ခပါလား၊ ဒီရုပ်ကြီးမအိုမင်းအောင် မတားမြစ်နိုင်ဘဲ သူ့သဘောသူ ဆောင်နေတာဟာ အစိုးမရတဲ့ အနတ္တပါလား။ အဲဒီလို ရုပ်တရားကို ဆင်ခြင်ကြည့်ပြီး ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဉ်တို့ကို ဆက်လက်၍ လက္ခဏာရေး သုံးပါးတင်ကာ ကမ္မဋ္ဌာန်းတရားအားထုတ်နေလေတယ်။

ထိုအခြင်းအရာကိုမသိကြတဲ့ သံဃာတော်များဟာ အရှင်အတ္တဒတ္တမထေရ်ကို သူတို့လောက်မြတ်စွာဘုရားကို မချစ်ဘူးလို့ စွပ်စွဲပြီးသကာလ မြတ်စွာဘုရားကို သွားလျှောက်ကြလေတယ်။ မြတ်ဗုဒ္ဓ ဒီသီတင်းကိုကြားတဲ့အခါ သံဃာတော်ရှေ့မှောက်တွင် အရှင်အတ္တဒတ္တအားခေါ်ယူကာ "ငါ့ရှင်အတ္တဒတ္တ သင်သည် သံဃာ့အစည်းအဝေးတွေမှာ မတက်ဘူးဆိုတာ မှန်သလားလို့ မေးတဲ့အခါ မှန်လှပါဘုရား တပည့်တော် မတက်ဖြစ်ကြောင်းပါဘုရား။ ဘာကြောင့် မတက်ဖြစ်တာလဲဟု ဆက်လက်မေးမြန်းတဲ့အခါ တပည့်တော် မြတ်စွာဘုရားကိုချစ်လို့ မတက်ဖြစ်တာပါဘုရား။ ငါ့ဘုရားကို ဘယ်လိုချစ်တာလဲဆိုတာ လျှောက်ပါအုံးလို့ မိန့်တော်မူသောအခါဝယ် တပည့်တော် မြတ်ဘုရားရဲ့ ပရိနိဗ္ဗာန်ပြုတော်မယ်ဆိုတာကို သိတဲ့အခါ တပည့်တော် သံဃာ့အစည်းအဝေးတွေမှာ အချိန်ကုန်ခံမတက်ဘဲ ဘုရားရှင်တည်းဟူသော နေမင်းကြီးမကွယ်ခင် အရောင်လေးရှိတုန်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လိုပါသဖြင့် တစ်ပါးတည်း ကမ္မဋ္ဌာန်းတရား အားထုတ်နေပါတယ်။ ရှင်တော်မြတ်ဘုရားရဲ့ စကားကိုနားထောင်ခြင်းသည် ရှင်တော်မြတ်ဘုရားကိုချစ်လို့ပါ" ဟုလျှောက်ထားသောအခါ မြတ်ဗုဒ္ဓသည် သာဓုသုံးကြိမ်ခေါ်ဆိုတော်မူလေတယ်။

ထို့နောက် သံဃာတော်များကို "ငါ့ရှင်တို့ သင်တို့သည် ငါဘုရားကိုချစ်တယ်ဆိုတာ တဏှာပေမနဲ့ ချစ်နေကြတာ။ တကယ်ငါဘုရားကိုချစ်တယ်ဆိုရင် အရှင်အတ္တဒတ္တမထေရ်လို ငါဘုရားရဲ့စကားကို နားထောင်ပြီး ဓမ္မနဲ့ချစ်ကြ"လို့ သံဃာတော်များကို မြတ်ဗုဒ္ဓက မှာကြားတော်မူခဲ့ပါတယ်။ အဲဒါကြောင့် ဦးဇင်းတို့လည်း မြတ်ဗုဒ္ဓကို တကယ်ချစ်ရာရောက်အောင် မြတ်ဗုဒ္ဓစကားကိုနားထောင်ပြီး အနည်းဆုံး အရိယာမျိုးစေ့လေးရအောင်တော့ အားထုတ်ကြဖို့ လိုပါတယ်။ အခုလို သာသနာတည်းဟူသော အလင်းရောင်လေးရှိနေချိန်၊ တွေ့နေချိန်မှာ အရိယာမျိုးစေ့လေးမှရအောင် မလုပ်ဘဲ မေ့လျော့ပျော်ပါးပြီး ကုန်ဆုံးသွားမယ်ဆိုရင် ဘယ်လောက်နှမြှောစရာကောင်းတဲ့ ဘ၀ဖြစ်မယ်ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ အဲဒီလို နှမြှောစရာကောင်းတဲ့ဘ၀ကို ကောင်းမှုကုသိုလ်များ စုမသွားဘဲ ကုန်ဆုံးသွားတဲ့လူဟာ ဘယ်လောက်မိုက်တဲ့ လူသားဖြစ်နေမလဲလို့ စဉ်းစားဆင်ခြင် သုံးသပ်ကြည့်ပြီးသကာလ ကောင်းမှုကုသိုလ်များများလုပ်ပြီး ၀ိပဿနာတရားပါ အားထုတ်ကြဖို့ မမေ့သင့်ပေ။

ဒီနေရာမှာ အရှင်အတ္တဒတ္တဟာ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုမယ်ကြားကတည်းက အချိန်ကိုတန်ဖိုးမထားဘဲ သူများတွေလို ပေါ့ပေါ့လေးနေခဲ့မယ်ဆိုရင် သေတဲ့အခါမှာ ရင်လေးစရာတွေ့ကြုံရမယ်ဆိုတာသိလို့ မြတ်ဗုဒ္ဓသက်ရှိထင်ရှားရှိစဉ်မှာ ကျင့်ကြံကျိုးကုတ်အားထုတ်ခဲ့တဲ့အတွက်ကြောင့် မြတ်ဗုဒ္ဓလက်ထက်မှာပဲ ရဟန္တာ မထေရ်တစ်ပါး ဖြစ်သွားခဲ့ပါတယ်။ ဒီသာဓကဟာ အနေချောင်ရင် အသေကြပ်မယ်လို့ ဖော်ထုတ်ခဲ့တဲ့ ပညာရှိသူတော်ကောင်းများရဲ့ အတွေးပါ။

ဒါကြောင့် မဟာဂန္ဓာရုံဆရာတော်ကြီးက "ကုသိုလ်ဥစ္စာ၊ ကျန်းခံ့သာ၍၊ ပညာတန်ခိုး၊ တစ်မျိုးမျိုးမှ၊ အကျိုးမထွက်၊ ထိုနေ့တွက် သက်သက်ဝမ်းနည်းဖွယ်"လို့ လူသားအားလုံးအတွက် လောကီလောကုတ္တရာ (၂)မျိုးအသုံးဝင်တဲ့ ဆောင်ပုဒ်လင်္ကာလေးနဲ့ ဆုံးမပေးခဲ့တာပါ။ ဆရာတော်ကြီးက မိမိကိုယ်ကို ညအိပ်ရာဝင်တဲ့အခါ အမြဲတမ်းဆန်းစစ်ဖို့ မှာကြားခဲ့တယ်။ တစ်ရက်ပြီးဆုံးတာနဲ့ ဒီကနေ့ ကိုယ့်အတွက် ကုသိုလ်ရလား၊ စီးပွားဥစ္စာတွေရလား၊ ဒါမှမဟုတ် ပညာရပ်တစ်ခုခုရလား စဉ်းစားကြည့်ပါ။ ဒီသုံးမျိုးအနက် ဘယ်တစ်ခုကိုမှမရဘဲ ကုန်ဆုံးသွားတဲ့နေ့ဟာ အချည်းနှီး အလကားသက်သက်ကုန်ဆုံးသွားလို့ အင်မတန်မှဝမ်းနည်းဖွယ်ကောင်းတဲ့ နေ့တစ်နေ့ကုန် ဆုံးသွားပြီလို့ မှတ်ယူရမည့်အကြောင်း မိန့်မှာတော်မူခဲ့ခြင်း ဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့မိန့်မှာချက်အတိုင်း မိမိတို့နေရစဉ် ခဏလေးမှာ ပျော်လိုက်ပါးလိုက်၊ ရည်လိုက် ဟားလိုက်နဲ့နေမဲ့အစား ကိုယ့်မျက်မှောက်ဘ၀အတွက်ရော သံသရာအတွက်ပါ ကောင်းတာကိုလုပ် ကောင်းတာကို တွေးပြီး ဒါန၊ သီလ၊ ဘာဝနာ တစ်မျိုးမျိုးနဲ့အချိန်တွေကို ကုန်ဆုံးခဲ့မယ်ဆိုရင် ပစ္စုပ္ပန်မှာ အနေကြပ်တည်းပေမဲ့ သေတဲ့အခါမှာတော့ အသေချောင်စွာနဲ့သေရမှာမို့ အနေချောင်တဲ့စိတ်များ ပယ်ခွာပြီး အနေကြပ်တဲ့ဘ၀နဲ့ နိဂုံးချုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်….။

ဒီဆောင်းပါးလေးဟာ မန္တလေးမြို့က ထုတ်ဝေတဲ့ Shade journal မှာ ရေးပေးခဲ့တဲ့ ဆောင်းပါးလေးပါ။ ဂျာနယ်ကို ဖတ်ချင်တယ်ဆိုရင်တော့ http://www.shadejournal.com/2012/04/blog-post.html မှာ ဒေါင်းလော့ဆွဲလိုက်ပါ။
အရှင်ကောမလ ဆန်နီနေမင်း

စိတ်ညှို့ ပညာနဲ့  အတိတ်ဘ၀တွေကိုသိနိုင်ခြင်းဆိုတာ

လက်ရှိဘ၀ရဲ့ နောက်ကြောင်းပြန် ငယ်ဘ၀နဲ့  အတိတ်ဘ၀တွေကို စိတ်ညှို့ ပညာနဲ့ ဖော်ထုတ်ကြည့်တာကို Regression လို့ ခေါ်တယ်။အသက်
ငယ်စဉ်ဘ၀မှာ ဘယ်လိုပြဿနာတွေ ၊ အမှားအယွင်းတွေရှိခဲ့လဲဆိုတာ သိရအောင် စိတ်ညှို့ ပြီးတော့ ငယ်စဉ်ဘ၀ကိုပြန်ဖော်တဲ့အခါ Regression နည်းကိုသုံးတယ်။ ဒီဘ၀ရဲ့ ငယ်
စဉ်တင်မက အတိတ်ဘ၀က အကြောင်းတွေကို သိလိုတဲ့အခါမှာလည်း ဒီနည်းကို အသုံးပြုတယ်။လူတစ်ယောက်ဟာ ကတ်ကေးမြင်ရင် မျက်လုံးပြူး ၊ မျက်ဆန်ပြူး တုတ်လှုပ်သွား
တယ် ဆိုပါတော့။ငယ်ငယ်က ကတ်ကြေးနဲ့ ထိုးမိလို့  အလွန်နာကျင်သွားတာကို မသိစိတ်ထဲ စွဲသွားပြီးတော့ နောင်အခါ ကတ်ကြေးမြင်ရင် ကြောက်ဒူးတုန်တာမျိုးတွေရှိတယ်။
အရင်ဘ၀ သစ်ပင်ကြီးပေါ်က လိမ့်ကျလို့ သေဆုံးသွားရသူဟာ ဒီဘ၀မှာ အမြင့်ကြောက်တတ်တယ်။လေယာဉ်ပျံမစီးရဲဘူး။တိုက်အမြင့်ကြီးတွေ မတက်ရဲဘူးဆိုတာတွေကို Regression နည်းနဲ့ ဖော်ထုတ်နိုင်တယ်။အခုနောက်ဆုံးခေတ်စားနေတဲ့ခွင်ကတော့ အတိတ်ဘ၀က ချစ်သူဟောင်းတွေကို ရှာတဲ့ခွင်ပဲ။အခုဘ၀မှာ လူတစ်ယောက်ကို မြင်လျှင်မြင်ချင်း
ချစ်ခင်စွဲလမ်းသွားတာ ၊ကြောက်ရွံသွားတာ ၊မုန်းတီးသွားတာတွေဟာ အတိတ်ဘ၀က ချစ်သူဟောင်းတွေ ၊ ရန်သူဟောင်းတွေဖြစ်ခဲ့ကြလို့  ဒီဘ၀မှာ ဘာမှအကြောင်းခိုင်ခိုင်လုံလုံမရှိဘဲ
ချစ်တာ ၊မုန်းတာ ၊ကြောက်ကြတာဖြစ်တယ်ဆိုတာကို စိတ်ညှို ပညာနဲ့ အတိတ်ဘ၀လေ့လာတဲ့နည်းနဲ့ အဖြေထုတ်နိုင်တယ်။အချို့ စိတ်ပညာရှင်တွေဟာ စိတ်ညှို့ ပညာကိုအသုံးချပြီး
တော့ ဖူးစာရှင်ရှာကြတယ်။အိမ်ထောင်ရေး အဆင်မပြေသူတွေကလည်း သူတို့ ရဲ့ အိမ်ထောင်ဖက်ဟာ ဖူးစာရှင်အစစ်မှဟုတ်ရဲ့ လား။ဖူးစာရှင်အစစ်ကဘယ်သူလဲ၊ဘယ်မှာလဲဆိုတာ
သိချင်တော့  စိတ်ညှို့ ပညာရှင်တွေဆီလာပြီး အကူအညီတောင်းကြတယ်။ဒီလို အကူအညီလာတောင်းတဲ့လူတွေအထဲမှာ ရုပ်ရှင်မင်းသမီး အမက်ဝပ်ဆန် ၊ အဆိုတော်လေဒီဂါဂါ ၊
ကိတ်ပဲရီစတဲ့ နာမည်ကြီးတွေပါသလို စာရေးဆရာ ၊ကထိကပါမောက္ခတွေအထိပါဝင်ကြတယ်။ဘီလျံနာသူဌေးသူကြွယ်တွေကတော့ ရှေ့ ဆုံးကပေါ့။နတ်ကတော်ကိုမေးသလိုလို ၊
ဗေဒင်ဆရာကိုမေးသလိုလို သူတစ်ပါးကပြောလို့  သိရတာမျိုးမဟုတ်ဘဲ မိမိကိုယ်တိုင် မိမိဘ၀ဟောင်းက အကြောင်းတွေကို သိမြင်ရတာ ၊ဖူးစာဖက်ကိုတွေ့ မြင်ရတာဟာ ခိုင်လုံတယ်
လို့ ယူဆကြတယ်။
ဘ၀ဟောင်းကအဖြစ်အပျက်တွေကိုပြန်မြင်တဲ့အခါ တစ်ထိုင်တည်း၊တစ်ကြိမ်တည်းနဲအကုန်မြင်ဖို့ မလွယ်ဘူး။ ဒီတော့ စိတ်ရှည်ရှည်နဲ့ လေ့လာရမှာ
ဖြစ်တယ်။ဘ၀ဟောင်းဟာ (၁၀၀)ရှိတယ်ဆိုပါတော့။ပထမဆုံးမြင်ရတဲ့ဘ၀ဟောင်းဟာ ဘ၀အမှတ်စဉ်(၅၀)ဖြစ်နိုင်တယ်။ဒုတိယအကြိမ် တွေ့ မြင်ရတဲ့ဘ၀ဟောင်းက အမှတ်စဉ်(၉၁)
ဖြစ်နိုင်တယ်။ဒီတော့စိတ်ရှည်ရလိမ့်မယ်။ဆက်စပ် ဆင်ခြင်နိုင်ရမယ်။ကျိုးကြောင်းဆက်စပ်မိအောင် သုံးသပ်ကြည့်ဖို့ တော့လိုပါတယ်။တစ်ခါတုန်းက ကောင်မလေးတစ်ယောက်ကို
စိတ်ညှို့ ပြီး သူ့ အတိတ်ဘ၀ဟောင်းကို မေးကြည့်တဲ့အခါ သူက နယ်မြို့ ကလေးတစ်မြို့ မှာ ဈေးသည်မလေးဖြစ်ခဲ့ဖူးကြောင်းပြောပါတယ်။သူနဲ့ ဘ၀ဟောင်းကတော်စပ်ခဲ့ဖူးတဲ့ သူ့ ဦး
လေးက အခုတော့ သူ့ နဲ့ မောင်နှမဖြစ်နေပါတယ်။ဒီလိုနဲ့သူအရင်ဘ၀ကနေခဲ့တဲ့ မြို့ လေးကို သွားစုံစမ်းကြည့်တော့ သူပြောတဲ့အတိုင်း အမှန်အတိုင်းဖြစ်နေပါတယ်။ဘ၀ဟောင်းကို
မြင်ချင်လို့  စိတ်ညှို့ ခံရသူဟာ စိတ်ဓါတ်ခိုင်မာသူဖြစ်ရပါတယ်။ဘ၀ဟောင်းမှာ မိမိဟာ နာကြည်းဖွယ် ၊အလွန်နာကျင်ဖွယ်တွေကို ခံခဲ့ရတာကို မြင်ရတဲ့အခါ လန့် သွားတတ်ပါတယ်။
အလွန်တုန်လှုပ်ချောက်ချားသွားတတ်ပါတယ်။ဒါကြောင့် စိတ်အားငယ်တတ်သူ ၊စိတ်ဓါတ်မခိုင်မာသူတွေဟာ ဒီနည်းကို မစမ်းသင့်ဘူးဆိုတဲ့အချက်ကို သိရမှာဖြစ်ပါတယ်။ကျွန်တော်
ထပ်မံပြောလိုတာကတော့ မိမိကိုယ်တိုင်မတတ်ကျွမ်းဘဲ စိတ်ညှို့ နည်းကိုမပြုလုပ်ပါနှင့်။တတ်ကျွမ်းသောဆရာများထံသို့ သာသွားရောက်ပြီး စိတ်ညှို့ ခံသင့်ပါတယ်။မိမိကိုယ်တိုင်စမ်းသ
ပ်ပြီး အောင်မြင်နိုင် မအောင်မြင်နိုင်တာကို ကျွန်တော် အာမမခံနိုင်ပါ။

ကြီးပွားတိုးတတ်ချင်လျှင်


မေး။ ။ အရှင်ဘုရား တပည့်တော်ကြီးပွားချမ်းသာအောင် ဘယ်လိုလုပ်လုပ် စည်းစိမ်ဥစ္စာ မတိုးတတ်ဘဲ ဖြစ်နေပါတယ်။ အဲဒါ ဘယ်လိုပြုလုပ်ရပါမလဲဘုရား။
ဖြေ။ ။ ကြီးပွားတိုးတတ်ချင်ပါက

၁။ မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မိဘတို့အား ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ မိဘတွေက ငါတို့သားသမီးလေး ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

၂။ မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် သားသမီး၊ လက်အောက်ငယ်သား အလုပ်သမားများကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

၃။ မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မိမိရဲ့လုပ်ငန်းရှင်များကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

၎။  မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မိရိုဖလာကိုးကွယ်လာတဲ့ နတ်ဒေ၀ါများကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

၅။  မိမိရရှိသော ပစ္စည်းဥစ္စာတို့ဖြင့် မြင့်မြတ်တဲ့ရဟန်းသာမဏေများကို ရိုသေစွာပြုစုကျွေးမွေးပါ။ အဲဒီအခါ သူတို့တွေက ကျန်းမာချမ်းသာပါစေလို့ မေတ္တာစစ်မှန်ဖြင့် ဆုပေးကြလိမ့်မယ်။ အဲဒီမေတ္တာအကျိုးကြောင့် စည်းစိမ်ဥစ္စာများ တိုးပွားလိမ့်မယ်။

အထက်ပါ အင်္ဂါ(၅)ချက်နဲ့ ပြည့်စုံသူသည် မည်သည့်အခါမှ ဆင်းရဲခြင်းမရှိဘဲ ကြီးပွားတိုးတတ်နေပါလိမ့်မည်။ (အံ၊ ၂၊ ၆၇)

အရှင်ကောမလ ဆန်နီနေမင်း