Blogger Widgets

မြန်မာ videos လေးတွေကြည့် သွားဦးနော်

Loading...

Wednesday, April 17, 2013

စာသင်ခန်းထဲက အကြင်နာတရား


သိန်းနိုင်

“...အဲဒီတဒင်္ဂ ခဏငယ်လေးမှာ အဲဒီလူငယ်၊ လူကြီး၊ ကလေးတွေဟာ ငြိမ်းချမ်းရေးလည်း ရနေမှာ မဟုတ်လား။..”


၂၁ ရာစု မျက်မှောက်ခေတ် ကလေးဘ၀ဟာ ပြီးခဲ့တဲ့ရာစုများနဲ့ လွန်စွာ ကွာခြားလို့ နေပြီဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းပညာရေးပုံစံတွေ ပြောင်းလဲလာနေတယ်။ ပညာရေးရဲ့ အဆင့်တိုင်းဟာ အရင်ကနဲ့ ကွာခြားလာနေတာကို တွေ့မြင်နေရတယ်။

မူကြိုကလေးဘ၀ကတည်းက ပုံစံခွက်ထဲမှာ ၀င်ရောက်ရတော့တယ်။ ကျောင်းကို ပို့ကြတယ်။ မူကြိုကျောင်းမှ မထားရင် ခေတ်မမီတော့ဘူး မဟုတ်လား။ လူနေမှု ဘ၀ပုံစံတွေလည်း ပြောင်းလဲလို့လာတယ်။ မိဘ ၂ ဦးစလုံးက အချိန်ပြည့် အလုပ်လုပ်ကိုင် နေကြရလို့ဖြစ်စေ၊ ဘ၀အစ မူကြိုပညာရေးရဲ့ ရေရှည်တန်ဖိုးကို သိမြင်လာကြလို့ဖြစ်စေ၊ ၀န်ဆောင်မှုလုပ်ငန်း အနေနဲ့ စီးပွားဖြစ်လို့ဖြစ်စေ၊ မူကြိုကျောင်းတွေလည်း မြန်မာနိုင်ငံရဲ့ မြို့ကြီး၊ မြို့ငယ်၊ ကျေးလက် ဇနပုဒ် နေရာအနှံ့အပြား၊ လမ်းတိုင်းမှာလိုလို ပုံစံအမျိုးမျိုးနဲ့ ပေါ်ထွန်းလာနေပါပြီ။

မူလတန်း၊ အလယ်တန်းအဆင့်တွေမှာ ကျပြန်တော့ အားကစားဟာ မလုပ်မဖြစ်တော့ဘူး။ အစုအဖွဲ့ငယ်လေးတွေ ဖွဲ့စည်းပြီးတော့ တကယ့် အားကစားသမားကြီးတွေ စတိုင်အပြည့်နဲ့ကို ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့် တွေမှာ ပါဝင်ဆင်နွှဲနိုင်ဖို့ နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်နေကြတယ်။
ဆယ်တန်းလွန်သင်တန်းများနဲ့ ကောလိပ်ကျောင်း ၀င်ခွင့်ဆိုတာကလည်း အရင်ခေတ်တွေထက်ကို ပိုပြီးတော့ ယှဉ်ပြိုင်ရွေးချယ် ခံနေရတော့တယ်။

ဒီပြောင်းလဲခြင်းဖြစ်စဉ်တွေမှာ မိသားစုအတွင်း ဆက်ဆံရေးလည်း ပုံစံပြောင်းလဲလို့ လာခဲ့ပါပြီ။ ကလေးအနေနဲ့ကော၊ မိဘတွေကပါ အချိန်မပေးနိုင်တဲ့ ခေတ်ကို ရောက်လာနေပါပြီ။ အကျိုးဆက်အနေနဲ့ နွေးထွေးတဲ့ မိသားစုအတွင်း ဆက်ဆံရေးနဲ့ “မိသားစုအတွင်း အကြင်နာတရား” ဟာလည်း ခေတ်ဟောင်းမှာ ကျန်နေခဲ့တဲ့ အရာတစ်ခု ဖြစ်လာနေ ပါတယ်။ သို့ပေတဲ့ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများကတော့ ဒီရိုးရာကတော့ဖြင့်ရင် ဘယ်သောအခါမှ မဟောင်းနွမ်း သင့်ဘူးလို့ အကြံပြု တင်ပြထားကြပါတယ်။
“အကြင်နာ ကရုဏာတရားဟာ ကျောင်းသူကျောင်းသားများရဲ့ မိမိကိုယ်ကို ယုံကြည်မှုနဲ့ ကျောင်း၊ စာသင်ခန်းတွင်း အခြေအနေကို တိုးတက်စေပါတယ်။” လို့ - အကြင်နာတရားနှင့် ပြုမူဆက်ဆံရေး ဖောင်ဒေးရှင်းအဖွဲ့ကြီး - က တင်ပြ ထားပါတယ်။ တစ်ဦးနဲ့ တစ်ဦး မေတ္တာတရားနဲ့ ဘယ်လိုပြမူ ဆက်ဆံသင့်တယ် ဆိုတာကို သင်ကြားပေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ “စာတော်တာ၊ စာမတော်တာကို အသာထား၊ အကြင်နာတရား၊ မေတ္တာတရားနဲ့ ပြုမူဆက်ဆံခြင်းဟာ ဘ၀ အရည်အသွေးနဲ့ ပညာကိုပါ တိုးတက်လာစေတယ်။ တကယ်လည်းဘဲ တော်လာကြတယ်၊ ထူးချွန်လာကြ ပါတယ်။”

မေတ္တာတရားရဲ့ ရလဒ်ဟာ ကျောင်းစာမှာ အခက်အခဲရှိနေတဲ့ ကလေးတွေကိုသာလျှင် အကျိုးရှိစေတာ မဟုတ်ပါဘူး။ အပြုသဘောဆောင်တဲ့ လုပ်ရပ်တွေဟာ အခက်အခဲနဲ့ စိတ်ဖိစီးမှုတွေကို ကြုံကြိုက်တဲ့ အခါတွေမှာ ကျောင်းသားတွေ နှင့် လူကြီးတွေကိုပါ အကျိုးများစေပါတယ်။ လူသားရဲ့ ပင်ကိုယ် အချင်းအရာတစ်ခုဖြစ်တဲ့ “အကြင်နာတရား” ဟာ စာနာစိတ်ကို ဖွံ့ဖြိုးစေပြီး ဘ၀တစ်လျှောက်လုံး အသုံးတည့်လှတဲ့ လူမှုဆက်ဆံရေး စွမ်းရည်ကိုလည်း ကလေးများ ရရှိ နိုင်ပါတယ်။ အမှန်တကယ်တမ်းမှာ ခင်မင်ရင်းနှီးတဲ့ သူတွေနှင့် မျက်နှာစိမ်းတဲ့သူကိုပါ အခါအားလျော်စွာ ကြင်နာစွာ ပြုမူ ဆက်ဆံစေခြင်းဟာ ကလေးများကို သူတို့ ပတ်ဝန်းကျင် ကမ္ဘာငယ်လေးရဲ့ ဘောင်အပြင်ဖက်နဲ့လည်း ထိတွေ့ ဆက်ခံခွင့် ရရှိစေတာပါ။ ဒီအခါမှာ အရောင်အသွေး စုံလင် ထွေပြားလှတဲ့ ပတ်ဝန်းကျင် ကမ္ဘာကြီးကိုပါ ဆက်ဆံပြီး သား ဖြစ်လာမယ် မဟုတ်လား။

ကျောင်းစာသင်ခန်းက ဘယ်လို စတင် လုပ်ဆောင်ပေးနိုင်ပါသလဲ။ ကြင်နာစွာ ပြုမူ လုပ်ဆောင်ဖို့ဆိုတာ သိပ်အခက် ကြီး မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ လှုံဆော်စိတ်ကို ဖြစ်ထွန်းစေနိုင်တဲ့ အခြေအနေတွေ အများကြီးပါ။ အခါ အားလျော်စွာလည်း မဟုတ်ပါဘူး။ ဒီခေတ်ကြီးမှာ မကြာမကြာ ကြားနေရတဲ့ “အခါအားလျော်စွာ နေရာအနှံ အကြမ်းဖက်မှု” ဆိုတဲ့ လုပ်ရပ်နဲ့ ဆန့်ကျင်စွာ ပေါ်ထွက်လာတဲ့ “အခါအားလျော်စွာ ကြင်နာစွာ ပြုမူဆက်ဆံမှု” လုပ်ရပ် ဖြစ်ပါတယ်။ အထူးသဖြင့် “အခါအားလျော်စွာ” ရယ်လို့ သုံးနှုန်းရတာကတော့ “မကြင်နာတတ်၊ မစာနာတတ်၊ မခံစား တတ်သေးတဲ့ သူတွေနဲ့ ပတ်သက်ပြီး ဆိုလိုတာပါ။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေ၊ ကလေးတွေအပေါ်မှာ အကြင်နာ တရားနဲ့ ပြုမူဆက်ဆံပေးဖို့ပါ။ လူစိမ်း၊ သူစိမ်းတွေဖြစ်နိုင်တယ်။ ဒါမှမဟုတ် တွေ့မြင်နေကျ ဈေးဆိုင်က ဈေးသည်တွေ၊ လမ်းဘေးလုပ်သားတွေ၊ လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာဆရာမ အချင်းအချင်း၊ အတန်းဖော် စတဲ့သူတွေလည်း ပါပါ တယ်။ အကြင်နာတရားနဲ့ စာနာစိတ် ကူးစက် ခံစားသွားစေဖို့ရယ်ပါ။
ကလေးများနှင့် ဆွေးနွေးတိုင်ပင်သင့်တယ်။ အခွင့်အလမ်းတွေ ရှာဖွေသင့်တယ်။ အသက်အရွယ်နှင့် စိတ်ပါဝင်စားမှု အလိုက် လမ်းညွှန် အကြံပေးရမှာပါ။ အံ့အားသင့်လောက်တဲ့၊ “အကြင်နာ” အကြီးကြီးတွေ၊ လုပ်ရပ်ထူးတွေရယ်လို့ မဆိုလိုပါဘူး။ တိုင်းသိ၊ ပြည်သိ ပေးကမ်းလှူဒါန်းမှုနဲ့ အကြင်နာတရားကိုလည်း မဆိုလိုပါဘူး။

“ကျေးဇူးပါ” ရယ်လို့ ရိုးရှင်းစွာ ခံစား ပြောတတ်ဖို့ကစလို့ ကလေးကိုယ်တိုင် ဖန်တီးတဲ့ ပို့စကဒ်လေးမှာ “ကျေးဇူးတင် ပါတယ် သူငယ်ချင်းရယ်” ဆိုတဲ့ စာသားလေးနဲ့ ပေးတတ်ဖို့ပါ။ ကျောင်းတွင်း အမှိုက်ပုံးဘေးမှာ ကလေးတွေက “ကျေးဇူး” ဆိုတဲ့ စာသားကပ်ထားခြင်းဟာ သန့်ရှင်းလုပ်သားကြီးတွေရဲ့ ပင်ပန်းတဲ့ အလုပ်ကိုလည်း အကူအညီပေးရာ ရောက်တယ်မဟုတ်လား။ အိမ်နီးနားချင်းရဲ့ နို့စို့ကလေးလေးကို ကူထိန်းပေးတဲ့ ကျောင်းသူငယ် လေးဟာ လူသား ၂ ဦးကို တစ်ပြိုင်တည်းမှာ ကြည်နူး ပျော်ရွှင်စေတာပါ။ မအားလပ်လောက်အောင် အလုပ်ရှုပ်နေတဲ့ မိခင်ဖြစ်သူကို ခေတ္တအနားယူခွင့်၊ ကစားဖော် အသစ်လိုနေတဲ့ ကလေးလေးကိုလည်း ကြည်နူးခွင့်တွေအတွက် ကူညီပေးလိုက်တာ။

ဆရာဆရာမများကို ကျေးဇူးတင်တတ်ဖို့၊ ကလေးအချင်းချင်း ကျေးဇူးစကားဆိုတတ်ဖို့ လေ့ကျင့်ပေးသင့်ပါတယ်။ အပြန်အလှန် အကူအညီပေးဖို့အတွက် လက်မနှေးဖို့။ မိုးရာသီမှာ မိုးကာ၊ ထီးမရှိသေးတဲ့ကလေးတွေကို အချင်းချင်း ကူညီပေးဖို့။ ရွာထဲက အိမ်အမိုးမလုံတဲ့ မိသားစုတွေကို စာနာစိတ်နဲ့ အင်ဖက်တချို့ ကမ်းလှမ်းတတ်ဖို့၊ ချော်လဲကျ သွားတဲ့ သူငယ်ချင်းကို ထူမပေးဖို့။ လှောင်ပြောင်ရယ်မောတတ်တဲ့ အခြားကလေးတွေကိုလည်း ကလေးအချင်းချင်း အဲဒီလို မလုပ်ဖို့ ပြောတတ်ဖို့၊ စာအုပ်စင်ပေါ်က စာအုပ်ကို လမ်းလှမ်းမမီ ဖြစ်နေတဲ့ ကလေးလေးကို အခြား ကလေး ကြီး တစ်ယောက်က ကူညီပေးတတ်ဖို့ စတဲ့ “အကြင်နာ” လက်ဆောင်သေးသေးလေးတွေ အမြဲတမ်း ပေးဖြစ်နေဖို့ ငယ်ရွယ်စဉ်ကတည်း လမ်းညွှန်ပေးရမှာပါ။ ကြင်နာစွာ ပြုံးပြတတ်ဖို့နဲ့ ချီးကျူးစကားတွေ ပြောဆိုတတ်ဖို့လည်း ကူညီပေးရမှာပါ။ အဲဒီတဒင်္ဂ ခဏငယ်လေးမှာ အဲဒီလူငယ်၊ လူကြီး၊ ကလေးတွေဟာ ငြိမ်းချမ်းရေးလည်း ရနေမှာ မဟုတ်လား။

ဒီကျောင်းရဲ့၊ ဒီစာသင်ခန်းအတွင်းက အရေးကြီးဆုံးသော သင်ခန်းစာတွေ မဖြစ်သင့်ဘူးလား။ ဒီအရေးကြီးလှတဲ့ သင်ရိုးညွှန်းတမ်းကို ဘယ်လို တည်ဆောက်ကြမလဲ။

သိန်းနိုင်

No comments:

Post a Comment