ကျောင်းဆရာဆိုတာ
ကျောင်းသားတွေရဲ့ ပညာရေးအတွက် သင်ပြပေးနေရတာပါ။ ကျောင်းဆရာဟု ဆိုရာ၌
အချို့နေရာများတွင် ကျောင်းဆရာမများကိုပါ တပါတည်း ဆိုလိုပါသည်။
“ကလေးတွေရဲ့
ပညာရေးအတွက်ပဲ ဘာတွေ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေစရာလိုသေးလဲ” ဟု
မေးစရာရှိပါသည်။ ဤမေးခွန်း၏ အဓိပ္ပါယ်မှာ ဆရာဖြစ်လက်မှတ်
ရထားပြီးသားပုဂ္ဂိုလ်တွေပဲ၊ သူတို့အတွက် နောက်ထပ် ပညာဆည်းပူးဖို့
လိုသေးလားဟူ၍ ဖြစ်ပါသည်။
ဤနေရာ၌
လုပ်ခွင်ထဲမှနေ၍ ဆရာအတတ်သင် သင်တန်းတက်ခြင်း၊ မွမ်းမံသင်တန်းတက်ခြင်း၊
ဘွဲ့မရသေးသူများ ဘွဲ့အတွက် ကျောင်းဆက်တက်ခြင်း၊
ဘွဲ့လွန်သင်တန်းတက်ခြင်းတို့ကို ဆွေးနွေးမည် မဟုတ်ပါ။ ဘွဲ့မရသေးသူဖြစ်စေ၊
ဘွဲ့ရပြီးသူဖြစ်စေ၊ သင်တန်းမတက်ရသေးသူဖြစ်စေ၊ သင်တန်းတက်ပြီးသူဖြစ်စေ၊
ကျောင်း ဆရာ၊ ဆရာမတို့အ တွက် ပညာရေးသည် ဆုံးခန်းတိုင်ခြင်းမရှိဘဲ၊
ဆက်လက်ဆည်းပူး လေ့လာရန်လိုကြောင်း ဆွေးနွေးရန် ရည်ရွယ် ခြင်းဖြစ်ပါသည်။
ကျနော်တို့ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် ခြေချပြီး၊ “ပြည်သူပိုင်”ဆိုင်းဘုတ်အောက်မှာ အများပြည်သူပိုင် စီးပွားရေးလုပ်ငန်း ကြီးကြီးငယ်ငယ် မှန်သမျှကို အဓမ္မသိမ်းယူခြင်း၊ စက္ကူပိုက်ဆံများ ပလူပျံအောင်ထုတ်ဝေခြင်း မပြုမီ ကာလအထိ၊ မူလတန်းပြဆရာမှအစ အေးအေးချမ်းချမ်း ရိုးရိုးသားသားနေထိုင်တတ်သူ ကျောင်းဆရာ အားလုံးအဖို့ စားဝတ်နေရေးဒုက္ခ ကြီးကြီးကျယ်ကျယ် ရှိခဲ့ပုံမရပါ။

ကျနော်တို့ကို
သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများ၏ ထိုစဉ်က လူနေမှုအဆင့်အတန်းကို
ပြန်ပြောင်းစဉ်းစာကြည့်ပြီး ပြောခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ ကျောင်းဆရာ၏
လူမှုရေးအဆင့်အတန်းသည်လည်း ရုပ်ပျက်ဆင်းပျက် ဖြစ်လောက်အောင်
နိမ့်ကျခြင်းမရှိခဲ့ချေ။ သို့ရာတွင် မဆလ ခေတ်မှစ၍ ကြည့်ရင်းကြည့်ရင်းမှာပင်
ကျောင်းဆရာ၏ လူနေမှုအဆင့်အတန်း သိသိသာသာကြီး နိမ့်ကျလာခဲ့သည်ကို
တွေ့ရပါသည်။
ကျောင်းဆရာ၏ လူနေမှုအဆင့်အတန်း နိမ့်ကျပုံကို သရုပ်ဖေါ်ထားသော ဝတ္တုတိုတပုဒ်ကို ကျနော် ဖတ်ဖူးပါ သည်။ ဝတ္တုတိုမှာ စာရေးဆရာ ဥက္ကလာခင်စော၏ “အသက် လေးဆယ်ကျော် အင်္ကျီကော်လာပြဲ” ဟူ၍ ဖြစ်ပါသည်။
ကျောင်းဆရာ၏ လူနေမှုအဆင့်အတန်း နိမ့်ကျပုံကို သရုပ်ဖေါ်ထားသော ဝတ္တုတိုတပုဒ်ကို ကျနော် ဖတ်ဖူးပါ သည်။ ဝတ္တုတိုမှာ စာရေးဆရာ ဥက္ကလာခင်စော၏ “အသက် လေးဆယ်ကျော် အင်္ကျီကော်လာပြဲ” ဟူ၍ ဖြစ်ပါသည်။
စာသင်ခြင်းမှလွဲ၍
ဘာအလုပ်မျှ မလုပ်တတ်၊ အခြားဝင်ငွေမရှာတတ်၊ ဆရာကတော်ကပင်လျှင်
အထင်မကြီးတော့။ ဆရာကတော်က “အသက် လေးဆယ်ကျော် အင်္ကျီကော်လာပြဲ” ဟု
သရော်လှောင်ပြောင်သည်။ သားနှင့် သမီးသည်ပင် အထက်တန်းစာမေးပွဲအောင်ပြီးကြရာ၊
နှစ်ယောက်စလုံးကလည်း ကျောင်းဆရာ လုပ်လိုသည်ဟု ဆိုကြသည်။ အဖေဖြစ်သူ ဆရာက
ဆရာတွေလုပ်ကြဦးမယ့် သားနှင့် သမီး၏ ဘဝရှေ့ရေး အတွက် ရင်လေးနေမိသည်ဟု ဝတ္ထုက
အဆုံးသတ်ထားသည်။
ကျောင်းဆရာ၏
ခြောက်သွေ့ပြီး၊ ငြီးငွေ့ဖွယ်ကောင်းလှသော ဘဝကို ထင်ဟပ်ပြထားခြင်း
ဖြစ်ပါသည်။ ကျနော် ဤဝတ္တုကို ဖတ်ရချိန်၌ ကျောင်းချိန်အပမှာ
ဘေးပန်းဝင်ငွေရရှိရေးအတွက် အပြေးအလွှား၊ တဖားဖား အလုပ်လုပ်နေရသော
ကျောင်းဆရာအချို့ကို မြင်တွေ့နေရပါသည်။ အများအားဖြင့် တရားမဝင်
ကျူရှင်ပြခြင်း ဖြစ်သည်။ ယနေ့ခေတ်မှာလို ကိုယ့်တပည့်များကို
အနိုင်ကျင့်ငွေတောင်းခြင်း၊ တပည့်များထံမှ တံစိုးလက်ဆောင်ယူခြင်းတို့
ကိုတော့ မတွေ့ရသေးပါ။
ကျောင်းဆရာဘဝ၏ နုံချာပုံနှင့်ပတ်သက်၍ ဆရာမောင်စွမ်းရည်၏ ကဗျာတပုဒ်ကို ကျနော် မှတ်မိပါသေးသည်။
ကျောင်းသားမှအပ
ဘာမဆို ရိုကျိုးနေကျ။
ကျောင်းဆရာဘဝ၏ နုံချာပုံနှင့်ပတ်သက်၍ ဆရာမောင်စွမ်းရည်၏ ကဗျာတပုဒ်ကို ကျနော် မှတ်မိပါသေးသည်။
ကျောင်းသားမှအပ
ဘာမဆို ရိုကျိုးနေကျ။
ဒေါင် ဆိုရင်ဝင်၊ စာကိုသင်
ဒေါင်ဆိုရင် အပြင်၊ ရပ်လော့ စာအသင်။
ဂုတ်ဖွာတိုက်ပုံ၊ လုံချည်အစိမ်း
အင်္ကျီအဖြူ
သြော်- ချွေးတွေထွက်တဲ့ စက်ရုပ်လူ။
ဒေါင်ဆိုရင် အပြင်၊ ရပ်လော့ စာအသင်။
ဂုတ်ဖွာတိုက်ပုံ၊ လုံချည်အစိမ်း
အင်္ကျီအဖြူ
သြော်- ချွေးတွေထွက်တဲ့ စက်ရုပ်လူ။
သူ့သံပတ်မှာ မရှည်လာလည်း
ခရီးတာမှာ ရှည်ရှည်လာခဲ့
ခုခါ လေးငါး ခြောက်ဆ ခုနစ်ဆ။
ခရီးတာမှာ ရှည်ရှည်လာခဲ့
ခုခါ လေးငါး ခြောက်ဆ ခုနစ်ဆ။
ငွေမဲ့အာဏာမဲ့
ဘဝဖြင့် ကျောင်းဆရာသည် အာဏာရှိသူ၊ ငွေရှိသူတို့အပေါ် ရိုကျိုးနေရသည်မှာ
အမှန်ပင် ဖြစ်ပါသည်။ မဆလခေတ်မှာ မဆလပါတီ၊ ကောင်စီတို့ လက်တိုလက်တောင်း
ခိုင်းစေနေသည်ကို နာခံရိုကျိုးပြီး၊ တဖားဖား လုပ်ကိုင်ပေးခဲ့ကြရသော
ကျောင်းဆရာများကို ကျနော် တွေ့ရမြင်ရတိုင်း ဆရာမောင်စွမ်းရည်၏ ကဗျာကို
ကျနော် ပြေးပြီး အမှတ်ရနေမိခဲ့ပါသည်။
နာခံရိုကျိုးခြင်းမရှိသော
ကျောင်းဆရာများသည် အာဏာဒဏ် သို့မဟုတ် ငွေဒဏ်သင့်ခဲ့ကြရပါသည်။ ဤအကြောင်း
သရုပ်ဖော်ထားသော ဝတ္ထုတိုတပုဒ်ကိုလည်း ကျနော် မှတ်မိနေပါသေးသည်။
ရန်ကုန်မြို့လယ်ရှိ၊ မျက်နှာကြီး ကျောင်းတကျောင်း (သို့ရာတွင် ပြည်သူပိုင်ခေတ် ကျောင်းဖြစ်၍ အစိုးရ ကျောင်းပင် ဖြစ်ပါသည်။) သို့ မြို့ဆင်ခြေဖုံး၊ ဆင်းရဲသားရပ်ကွက် ကျောင်းတကျောင်းမှ ကျောင်းဆရာလေးတယောက် ပြောင်းရွှေ့သွားခဲ့သည်။

တနေ့သ၌
ရွှေ၊ ငွေ လက်ဝတ်ရတနာ ဒွါဒရာတို့ ဆင်ယင်ပြီး၊ မိတ်ကပ် ရောင်စုံချယ်ထားသော
မိန်းမကြီးတယောက် ဆရာ့ဆီ ရောက်လာခဲ့သည်။ သူ့သားကို နောက်တန်း ခုံမှနေ၍
ရှေ့တန်းခုံ သို့ ပြောင်းရွှေ့ နေရာချထားပေးရန် မေတ္တာရပ်ခံသည်။
ကျေးဇူးမမေ့ပါဟုလည်း ငွေဖြင့်ဖြားယောင်းသည်။ သူ့ သားသည် မျက်စိ အမြင်အာရုံ
အားနည်းပါသည်ဟုလည်း အကြောင်းပြသည်။
ဆရာက
ကလေးသည် မျက်စိ အမြင်အာရုံ အားမနည်းကြောင်း အထောက်အထားဖြင့် ရှင်းပြသည်။
သို့သော် ကျောင်းသား မိခင်က လက်လျှော့မသွား။ သူ့သား၏ ဘေးက ကလေးသည်
ကားဒရိုက်ဘာ၏ သားဖြစ်၍ ဤကလေးနားမှာ သူ့သားကို မထားလိုပါဟု အကြောင်းပြ
ပြန်သည်။ ဤအကြောင်းပြချက်ကိုလည်း ဆရာက ပယ်ချသည်။ သူသည် တပည့်များနှင့်
ပတ်သက်၍ မျက်နှာကြီးငယ် ခွဲခြားတတ်သူ မဟုတ်ကြောင်း ပြောပြသည်။ မျက်နှာကြီး
ကျောင်းသားမိ ခင်က သူ့အလိုအတိုင်း လုပ်ပေးမည်လားဟု လေသံမာမာနှင့်
ခြိမ်းခြောက်သည်။ ဆရာက မမှု။
နောက်ဆုံး၌
ထို ကျောင်းဆရာ သူရဲကောင်းသည် “စိန်ကောင်း ကျောက်ကောင်းများ” ရှိရာ
ထိုမျက်နှာကြီးကျောင်းမှနေ၍ မြို့စွန်၏ ‘ကျောက်စရစ်ခဲများ” ရှိရာ
ကေsာင်းသို့ ပြောင်းရွှေ့ခြင်းခံလိုက်ရသည်။ ဝတ္ထုတိုမှာ စာရေးဆရာ စိတြ၏
“စိန်ကောင်း ကျောက်ကောင်း ရှာပါးဘိသနဲ့” ဟူ၍ ဖြစ်ပါသည်။
ထိုဝတ္ထုကို
ဖတ်ပြီးနောက်၊ နှစ်ပေါင်းအတော်ကြာတွင် ဝတ္ထုရေးသူ အနှီကျောင်းဆရာ
သူရဲကောင်းကို မမျှော်လင့်ဘဲ၊ ကျနော် လူချင်းဆုံဖြစ်ခဲ့ပါသည်။ သူ့ပုံသည်
ဘာမထီပုံ ဖြစ်သည်။ သို့ရာတွင် သူသည် ကျောင်းဆရာ မဟုတ်တော့ပြီ။ ဘာမထီ
လူစားဖြစ်၍ ကျောင်းဆရာ ဘဝမှာ မမြဲခဲ့လေသလား၊ ကျောင်းဆရာဘဝမှ လွတ်လာခဲ့၍
ဘာမထီပုံ ပေါက်လာလေသလားတော့ ကျနော် မဝေခွဲ တတ်ခဲ့ရိုး အမှန်ပင်ဖြစ်ပါသည်။
ကျနော်တို့၏ ဗမာပြည် လူ့အဖွဲ့အစည်းမှာ ကျောင်းဆရာသည် အနိမ့်ဆုံး လူ့အလွှာထဲက မဟုတ်သည့်တိုင်၊ လူမှုစီးပွားရေး အဆင့်အတန်းနိမ့်ကျခြင်း၊ လူမှုအသိုင်း အဝိုင်းမှာ သြဇာအရှိန်အဝါကင်းမဲ့ခြင်း၊ သိမ်ငယ် စိုးရွံ့ခြင်းတို့သည် ကျောင်းဆရာ၏ သွင်ပြင်လက္ခဏာမှာ ပေါ်လွင်နေကြောင်း တွေ့ရပါသည်။ ရုရှစာရေးဆရာကြီး၊ ချက်ကော့ကလည်း ကျောင်းဆရာ၏ သွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ ဤသဘောမျိုး ရေးခဲ့သည်ကို ကျနော် ဖတ်ခဲ့ဖူးပါသည်။
ဘဝအခြေမလှခြင်း (တနည်း) ဘဝနုံချာခြင်းသည် ကျောင်းဆရာတဦးချင်းအဖို့ ဖြေရှင်းနိုင်သော ကိစ္စမဟုတ်ပါ။ လူတန်းစား ကွဲပြားခြားမှု၊ လူတန်းစားဖိနှိပ်မှု၊ လူတန်းစားသွေးစုပ်မှုတို့သည် လူတန်းစားစနစ်နှင့် ဆိုင်သော ပြဿနာများသာ ဖြစ်ပါသည်။ လူတန်းစာတိုက်ပွဲဖြင့်သာ ဖြေရှင်းနိုင်ပါသည်။ ဤနေရာ၌ လူတန်းစားနှင့် လူတန်း စားတိုက်ပွဲအကြောင်း ဆွေးနွေးမည် မဟုတ်သဖြင့် ကျောင်းဆရာ၏ ဘဝအကြောင်းကို ဤမျှလောက်သာ ဆွေးနွေးလိုပါသည်။

ဒုတိယအနေနှင့် ဆွေးနွေးတင်ပြလိုသည်မှာ ကျောင်းဆရာ၏ ပညာရေး ဖြစ်ပါသည်။
တခါက၊ တောရွာတရွာမှ မိန်းမကြီးနှစ်ယောက်က အသက် (၁၈) နှစ်အရွယ်ခန့် ကျောင်းဆရာမလေးတဦးကို ကြည့်ပြီး၊ “ဒီခလေးမလေးက တော်လိုက်တာဟယ်၊ ငယ်ငယ်လေးနဲ့ ဆရာဖြစ်တောင် ရနေပြီ” ဟု ချီးမွမ်းသည်ကို ကျနော် တွေ့ခဲ့ဖူးပါသည်။

သူတို့ပြောသော
“ဆရာဖြစ်”ဟူသော စကားကြောင့် မြန်မာ့ရိုးရာ သိုင်း၊ ဗန် တို ဆရာများ
ပြောသော “ဆရာဖြစ်”ပေးခြင်းကို ကျနော် သတိရမိပါသည်။ သိုင်း၊ ဗန်တို
သင်တန်းသားများသည် “ဆရာဖြစ်”မရဘဲ၊ သူတပါးကို သင်ပေးခြင်းမပြုရဟု
သစ္စာဆိုရကြောင်း ကြားဖူးခဲ့ပါသည်။ ဆရာဖြစ်သူက ပညာကုန် သင်ပေးပြီး၊
“ဆရာဖြစ်” အဆင့် ပေးမှသာ ဆရာဖြစ်သည်ဟု ဆိုပါသည်။ အဓိပ္ပါယ်မှာ သင်ယူစရာ
ပညာကုန်ပြီဟူ၍ ဖြစ်ပါသည်။
ကျနော် တွေ့ရှိရသလောက် ပြောရလျှင် (စစ်တမ်းကောက်ယူခြင်းမဟုတ်သဖြင့် ပကတိအဖြစ်မှန်နှင့် လွဲချော်ကောင်း လွဲချော်နေပါမည်) ကျောင်းဆရာ အတော်များများသည် ပညာရေးကောလိပ် (ယခင် ဆရာအတတ်သင် ကျောင်းနှင့် ဆရာအတတ်သင်သိပ္ပံ)၊ ပညာရေးတက္ကသိုလ်၊ နယ်မြေအလိုက် ပေးသော ဆရာဖြစ်သင်တန်းတို့ မှာ တက်ပြီးလျှင်၊ သို့မဟုတ် ဆွဲခန့်ဆရာအဖြစ် ခန့်အပ်ခံရပြီးလျှင်၊ အထက်မှာ ဆိုခဲ့သည့် စကားအတိုင်း “ဆရာဖြစ်” ရပြီးပြီဟု အထင်ရောက်နေသလား မသိပါ။

စာအုပ်၊
စာပေ ဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကို မလုပ်သူက များပါသည်။ ဘဝရပ်တည်ရေးအတွက်
ကုန်းရုန်း ကြိုးပမ်းနေရ၍ ဤသို့မလုပ်နိုင်ခြင်းဖြစ်သည်ဟုလည်း
ဆိုနိုင်ပါသည်။ သို့ရာတွင် ပညာပေးနေရသူများ ဖြစ်သည်ကတကြောင်း၊ မိမိဘဝအတွက်
ကျယ်ပြန့်သော အသိအမြင်ရရှိရေးအတွက် တကြောင်းကြောင့် ပညာကို ရသည့်နည်းဖြင့်
ဆက်လက် ဆည်းပူးလေ့လာနေဖို့ လိုသည်ကတော့ အမှန်ပင် ဖြစ်ပါသည်။
ကျနော် အထက်တန်း ကျောင်းသားဘဝက ကျနော်တို့၏ ဆရာဖြစ်ခဲ့ပြီး၊ နောင် နှစ်အတော်ကြာပြီးနောက်မှာ ဆရာအတတ်သင် သိပ္ပံတခု၌ ကထိကဖြစ်နေသော ဆရာသမားတဦးနှင့် ပြန်ဆုံဖြစ်ခဲ့ပါသည်။
ကျနော် အထက်တန်း ကျောင်းသားဘဝက ကျနော်တို့၏ ဆရာဖြစ်ခဲ့ပြီး၊ နောင် နှစ်အတော်ကြာပြီးနောက်မှာ ဆရာအတတ်သင် သိပ္ပံတခု၌ ကထိကဖြစ်နေသော ဆရာသမားတဦးနှင့် ပြန်ဆုံဖြစ်ခဲ့ပါသည်။
ဆရာအအတတ်သင်
သိပ္ပံအကြောင်း ပြောရင်း၊ ကျောင်းဆရာများထဲတွင် စာပေလေ့လာ
ဖတ်ရှုသူနည်းကြောင်း ကျနော်ပြောမိရာ၊ ဆရာက “ကျောင်းဆရာတွေအကြောင်း
ငါသိတာပေါ့ကွာ၊ စာဖတ်ကြတာမဟုတ်ဖူးကွ”ဟု ဆိုပါသည်။ သူဆိုလိုသည်မှာ
ကျောင်းဆရာများထဲတွင် စာပေလေ့လာ ဖတ်ရှုသော အလေ့အကျင့် ရှိသူနည်းကြောင်းပင်
ဖြစ်ပါသည်။
ပိုဆိုးသည်မှာ အပြောကျယ်လှသော စာအုပ်၊ စာပေကို မဆိုထားနှင့် မိမိသင်ကြားပေးနေရသော ဘာသာရပ်ကို ပင်လျှင် ကျယ်ကျယ်ပြန့်ပြန့် ပိုင်ပိုင်နိုင်နိုင် သိနားလည်အောင် လေ့လာမှုမရှိကြခြင်းပင် ဖြစ်သည်။
ပိုဆိုးသည်မှာ အပြောကျယ်လှသော စာအုပ်၊ စာပေကို မဆိုထားနှင့် မိမိသင်ကြားပေးနေရသော ဘာသာရပ်ကို ပင်လျှင် ကျယ်ကျယ်ပြန့်ပြန့် ပိုင်ပိုင်နိုင်နိုင် သိနားလည်အောင် လေ့လာမှုမရှိကြခြင်းပင် ဖြစ်သည်။
ကျောင်းနေဖက်
တဦးဖြစ်ခဲ့သူ အလယ်တန်းပြ ဆရာမတဦးနှင့် တခါဆုံမိခဲ့ရာ ဘယ်အတန်း၊
ဘယ်ဘာသာရပ်ကို သင်သလဲဟု ကျနော် မေးမိသည်။ သူက “ငါ လာမယ့်နှစ်မှာ (၇)
တန်းအင်္ဂလိပ်စာ သင်မယ်။ အင်္ဂလိပ်စာသင်တာ ကိုယ် တတ်ထားတဲ့ အင်္ဂလိပ်စာတွေ
မမေ့အောင်လို့လေ”ဟု ပြန်ဖြေပါသည်။ “ဒါဆိုရင် ခင်ဗျား (၇) တန်း အင်္ဂလိပ်
စာတော့ ကြေမှာပေါ့”ဟု ကျနော် ပြန်ပြောမိခဲ့ပါသည်။
မိမိသင်ကြားရသော အတန်း၏ စာကိုပင် မကြေညက်၊ မပိုင်နိုင်သော ဆရာ၊ ဆရာမများကို တွေ့ဖူးခဲ့ပါသည်။ မိမိကိုယ် မိမိ “ဆရာဖြစ်”ရပြီဟု ထင်တလုံးနှင့် မိမိသင်ကြားပေးရသော ဘာသာရပ်နှင့် ပတ်သက်၍ ဆက်လက် လေ့လာမှု မပြုသူများ ဖြစ်သည်။

မြန်မာစာသင်ပြသူ
ဆရာ၊ ဆရာမ ဖြစ်ပါလျက် မြန်မာစာ အရေးအသား၊ မြန်မာစာ ဝေါဟာရများနှင့်ပတ်သက်၍
ကျောင်းသားများ ကျေနပ်လက်ခံနိုင်လောက်အောင် ရှင်းလင်းမပြနိုင်သူများ၊
အင်္ဂလိပ်စာ သင်ပြသော ဆရာ၊ ဆရာမများ ဖြစ်ပါလျက် ကျောင်းဖတ်စာအုပ်ထဲမှ
အင်္ဂလိပ်စာလောက်ကိုပင်လျှင် ပိုင်ပိုင်နိုင်နိုင်မရှိသူများကို
ကျနော်တွေ့ခဲ့ဖူးပါသည်။
ပညာရေးဘွဲ့အပြင်၊ နိုင်ငံခြားဘာသာသင်တက္ကသိုလ်မှ အင်္ဂလိပ်စာ ဒီပလိုမာဘွဲ့ရထားသော အင်္ဂလိပ်စာ ဆရာတဦးထံသို့ တခါက ကျနော်သွားခဲ့ရာ သူစာသင်နေခိုက်ဖြစ်နေသဖြင့်၊ ကျနော်က စာသင်ခန်းအပြင်မှာ ရပ်စောင့် နေခဲ့သည်။ ကျနော့်ကို မြင်တော့ (ကျနော်နှင့်လည်း အလွန်ရင်းနှီးသဖြင့်)၊ စာသင်နေရင်းက သူသင်နေသော အင်္ဂလိပ်စာ သင်ခန်းစာထဲမှ အင်္ဂလိပ်စာလုံးတလုံး၏ အဓိပ္ပါယ်ကို ကျနော့်အား လှမ်းမေးပါသည်။ မိမိ မသိသည်ကို ဝန်ခံရဲသော သူ၏ရိုးသာမှုကို ကျနော် အသိအမှတ်ပြုပါသော်လည်း အင်္ဂလိပ်စာတိုးတက်အောင် ဆက်လက် လေ့လာဖို့နေနေသာသာ အဘိဓာန် လှန်ကြည့်ရမည့် အလုပ်ကိုပင် ပျက်ကွက်ခဲ့သော သူ၏ ပေါ့ဆမှုကတော့ ခွင့်မလွှတ်နိုင်စရာ ဖြစ်ပါသည်။
သို့ရာတွင် ကျောင်းဆရာသည် မိမိသင်ရသော အတန်း၏ ဘာသာရပ်နှင့်ပတ်သက်၍ ဆက်လက်ဆည်းပူးလေ့လာရုံနှင့် မလုံလောက်ပါ။ အကြောင်းမှာ မိမိတပည့်များအား ကျောင်းသင်ဘာသာရပ်များကိုသာမက အသိအမြင်၊ အတွေးအခေါ်၊ စာရိတ္တပညာများကိုပါ သင်ကြားပေးရန်တာဝန်ရှိသောကြောင့် ဖြစ်ပါသည်။

ကျောင်းမှာသင်သော
ဘာသာရပ်များနှင့် ပတ်သက်၍ “ဆရာဖြစ်”ပေး၍ မရသည့်နည်းတူပင်၊ အသိအမြင်၊
အတွေးအခေါ်များ နှင့် ပတ်သက်၍လည်း “ဆရာဖြစ်”ပေး၍ မရနိုင်ပါ။
လူ့လောကကြီး
အစဉ်တိုးတက်ပြောင်းလဲနေသည်နှင့်အမျှ အတတ်ပညာများသာမက အသိအမြင်တို့သည်လည်း
တပါတည်း တိုးတက် ပြောင်းလဲနေသည်သာ ဖြစ်ပါသည်။ သို့ဖြစ်ရာ ဆက်လက်
ဆည်းပူးလေ့လာခြင်းမပြုပါက ကျောင်းဆရာသည် မိမိသင်ကြားပေးနေရသော
ဘာသာရပ်မှာသော်လည်းကောင်း၊ အသိအမြင်မှာသော်လည်းကောင်း (ဝမ်းနည်းဖွယ်ရာ)
တုံး၍ ကျန်ရစ်ခဲ့မည် ဖြစ်ပါသည်။
ကျောင်းဆရာနှင့် ပတ်သက်၍ လူအများ ပြောလေ့ရှိသော စကားတခွန်းရှိပါသည်။ “ကျောင်းဆရာ ဆိုတာ၊ ဓားသွေးကျောက် လိုပဲ။ တပည့်တွေကို သင်ပေးရင်း တပည့်တွေကသာ ထက်၊ ထက်သွားပြီး၊ ဆရာကတော့ တုံးပြီး ကျန်ရစ်ခဲ့တယ်”ဟူ၍ ဖြစ်ပါသည်။ မမှန်ပါ။ မိမိကိုမိမိ ရှင်သန်ထက်မြက်အောင် အစဉ်တစိုက် လေ့လာဆည်းပူးနေသော ဆရာများအဖို့ တုံးပြီး ကျန်ရစ်ခဲ့စရာ အကြောင်းမရှိပါ။
ဤအချက်နှင့်ပတ်သက်၍ ကျနော် အထက်တန်းကျောင်းသားဘဝက ကျနော်တို့၏ အင်္ဂလိပ်စာ ဆရာတယောက်အကြောင်းကို ကျနော် သတိရမိပါသည်။

ဆရာသည်
အင်္ဂလိပ်စာ သင်ကြားရာ၌ ဂရမ်မာစာအုပ်၊ ဖတ်စာအုပ်ကိုသာ လက်ကိုင်ပြု၍
သင်ကြားသော ဆရာမဟုတ်ချေ။ အင်္ဂလိပ်စာ ဝေါဟာရများအကြောင်း၊ ဝါကျ
တည်ဆောက်ပုံအကြောင်းတို့ကို ရှင်းပြရာ၌ သူဖတ်ထားသော စာအုပ်များကို
ရည်ညွှန်းပြီး၊ သာဓကများ ထုတ်ပြလေ့ရှိရာ၊ ဆရာ၏ သင်ကြားပြသမှုများသည်
အမြဲရှင်သန်နေခဲ့သည်။ ဆရာသည် အင်္ဂလိပ် ဝေါဟာရများအကြောင်းကို အမြဲလိုလိုပင်
ကြွယ်ဝစွာ ရှင်းပြနိုင်ခဲ့သည်။
ကျနော်တို့
(၉) တန်း(၁၀) တန်း ရောက်ချိန်က အင်္ဂလိပ်စာပြ ဆရာပေါက်စ ဖြစ်ခဲ့သာဆရာသည်
နောက်ပိုင်းမှာ ကျောင်း၏ တက္ကသိုလ်ဝင်တန်းအတွက် အားအထားရဆုံး အင်္ဂလိပ်စာပြ
ဆရာအဖြစ် တလျှောက်လုံး အင်္ဂလိပ်စာ သင်ပြပေးရပါသည်။
ကျောင်းထွက်ပြီးနောက်ပိုင်း အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်များကို
ကျနော်တို့တတွေ ဖတ်ရှုရာ၌ပင် အခက်အခဲရှိလျှင် ဆရာ့ထံ သွားရောက်ပြီး
မေးမြန်းခဲ့ကြရပါသည်။ ဆရာသည် မိမိကိုယ်မိမိ အစဉ် “သွေး”နေသူဖြစ်ရာ အစဉ်
“ထက်”၍ နေပါသည်။
ကျနော် တွေ့ခဲ့ဖူးသမျှ ကျောင်းဆရာများထဲက အသိအမြင် အတုံးမခံဘဲ၊ စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်းအားဖြင့် မိမိကိုယ်မိမိ ရှင်သန်အောင်ကြိုးစားသော ဆရာတယောက်မှာ အလယ်တန်းပြဆရာတဦး ဖြစ်သည်။ သူက သမိုင်းဘာသာ သင်သည်။ သူ သမိုင်းသင်လျှင် ဖတ်စာအုပ်ထဲက အကြောင်းအရာ၊ အချက်အလက်တို့ကို အကျဉ်းချုပ်မျှ ပြောပြပြီးလျှင်၊ သင်ခန်းစာနှင့် ဆက်စပ်နေသော အကြောင်းအရာများကို မမောနိုင်၊ မပန်းနိုင် ပြောပြသည်။

“ဖတ်စာအုပ်ထဲက
အချက်တွေကို ဆရာ ပြန်ပြောမပြတော့ဘူး။ မင်းတို့ ကျက်မှတ်ထားကြပေါ့။ ခု ဆရာ
ပြောပြနေတာတွေက စာအုပ်ထဲမှာ မပါတဲ့ အကြောင်းအရာတွေ။ ဒါတွေဟာ မင်းတို့အတွက်
မှတ်သားစရာတွေပဲ” ဟုဆိုပါသည်။
ကျနော် ကျောင်းထွက်ပြီးနောက်ပိုင်း၊ အစိုးရဆန့်ကျင်ရေးသမားတဦး ဖြစ်လာချိန်၌ ဆရာ ပင်စင်ယူပြီးနေပြီ။ ဆရာနှင့် တွေ့သည့်အခိုက် ဆရာ့ကို နိုင်ငံရေးအကြောင်း စ,ပေးတော့၊ (မဆလ) ခေတ်၊ (မဆလ) စစ်အာဏာရှင် အကြောင်းနှင့် ပတ်သက်၍ ဆရာက သုံးသပ်ပြရာ၊ ကျနော် အံ့သြမိသည်။

ထိုစဉ်က
ဧရာမ ပညာတတ်ပုဂ္ဂိုလ်ကြီးများ ဆိုသူများပင်လျှင် (ကိုယ်ကျိုးစီးပွား
မျှော်မှန်းချက်ကြောင့် (မဆလ) စစ်အာဏာရှင်စနစ်ကို ရဲရဲမကြည့်မိ၍လား၊
နိုင်ငံရေးမှာ ထိုင်းအ၍လား မသိ) စစ်အစိုးရ၏ လိမ်လုံး ညာလုံးများကို
နားယောင်နေကြချိန် ဖြစ်ပါသည်။ ကျနော့်ဆရာသည် အိုမင်းရင့်ရော်ကာ
အငြိမ်းစားယူလိုက်ရသည့်အချိန်အထိ အသိအမြင် ရှင်သန်နေသူပါ တကားဟူ၍ ကျနော်
မှတ်ချက်ချမိခဲ့ပါသည်။
ဤသို့ဆိုရသည့်တိုင် မိမိသင်ကြားရသော ဘာသာရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ မိမိ၏ အသိအမြင်နှင့် ပတ်သက်၍လည်းကောင်း၊ ဆက်လက်ရှင်သန်အောင် လေ့လာဆည်းပူးသော ကျောင်းဆရာများသည် အနည်းစုသာ ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျောင်းဆရာ အများစုသည် ကျောင်းဆရာဘဝမှာ ရှင်သန်မှု မရှိကြောင်း ဝမ်းနည်းဖွယ်ရာတွေ့ရပါသည်။
အလုပ်သမားသည် အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်၏ ကိုယ်စားလှယ်နှင့်လည်းကောင်း၊ မိမိ၏ ဘဝတူ အလုပ်သမားများ နှင့်လည်းကော်ငး နေ့စဉ် ဆက်ဆံနေရသည်။ ကုန်သည်သည် အရပ်တကာသို့ ရောက်ပြီး၊ ရောင်းသူ၊ ဝယ်သူ စားသုံးသူတို့နှင့် နေ့စဉ် ဆက်ဆံနေရသည်။ ဆရာဝန်၊ သူနာပြုတို့သည် လူနာများ၊ လူနာရှင်များနှင့် နေ့စဉ် ဆက်ဆံနေရသည်။ ထို့အတူပင် လယ်သမား၊ ရုံးလုပ်သား၊ ကုမ္ပဏီဝန်ထမ်း၊ အရောင်းအကူ၊ ကားမောင်းသမား စသည့်သူများသည် နေ့စဉ် လုပ်ငန်းများတွင် မိမိတို့လုပ်ငန်းခွင်နှင့် ဆက်စပ်ပတ်သက်ရာ ပုဂ္ဂိုလ်များနှင့် ဆက်ဆံနေရသည်။

ကျောင်းဆရာ
(မူလတန်းမှ အထက်တန်းအထိ) သည် နေ့စဉ် ကလေးသူငယ်များနှင့် ဆက်ဆံနေရပြီး၊
လုပ်ခွင်သည် ကျောင်းဝင်းနှင့် စာသင်ခန်းသာ ဖြစ်သည်။ “ဆရာဖြစ်”ရပြီဟု
မှတ်ယူပြီး၊ မိမိ၏ပညာရေးကို ဆက်လက်ရှင် သန်အောင် မကြိုးပမ်းပါက
နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့သော ဤပတ်ဝန်းကျင်မှာ အသိအမြင်
လူစဉ်မမှီသည့်အဖြစ်သို့ ရောက်သွားဖွယ် ရှိပါသည်။
မှန်သော
သစ္စာစကားကို ဆိုရပါလျှင်၊ ဤသို့ အသိအမြင် လူစဉ်မမှီတော့သော
ကျောင်းဆရာများကို (ဝမ်းနည်းဖွယ်ရာ) ကျနော် တွေ့ဖူးခဲ့ပါကြောင်း။
Credit to : ကိုမောင်မောင်လတ်
No comments:
Post a Comment